မြိတ် ၂၁ သြဂုတ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် တံတားအလယ်မှ ပေ(၁၀ဝ)ခန့် ပြတ်တောက်ပျက်စီးခဲ့သော တောင်းရှည်ချောင်းကူး သစ်သားတံတားကို ပြုပြင်တည်ဆောက်ပြီးဖြစ်၍ ပြည်သူများ ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်း သွားလာနိုင်ပြီဖြစ်ကြောင်း တံတားဦးစီး ဌာနမှ သိရသည်။
ချောင်းရေတိုက်စားကာ တံတားပျက်စီးခဲ့မှုကြောင့် ပျက်စီးသွားသော တံတားအစိတ်အပိုင်းအား တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃) တံတားအထူးအဖွဲ့(၉)မှ သြဂုတ်လ(၁၃)ရက်မှ စတင်ပြုပြင်တည်ဆောက်ခဲ့ရာ သြဂုတ် လ ၂၀ တွင် ပြီးစီးပြီဖြစ်၍ တံတားပေါ်မှ မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည် ဖြတ်သန်း သွားလာနိုင်ပြီဖြစ်သည်။
တောင်းရှည်ချောင်းကူးတံတားသည် ကြေးနန်းတိုင်-နန်းတော်ရာ ကျေးလက်လမ်းပေါ်တွင် တည်ရှိသော တံတားဖြစ်ပြီး ကျေးရွာ(၁၀)ရွာကျော်မှ နေ့စဉ်အသုံးပြုနေသော တံတားတစ်စင်းဖြစ်သည်။ ပျက်စီးခဲ့သည့် သစ်သားတံတားအနီး၌ တောင်းရှည်ချောင်းကူး အရှည် ၂၉၅ ပေ အကျယ် ၁၈ ပေရှိ သံကူ ကွန်ကရစ် တံတားသစ်တစ်စီးကိုလည်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ခိုင်ထူး(မြိတ်ပြန်/ဆက်)


