ခန္တီး ၃ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် တံတားအလယ်မှပေ (၁၀ဝ)ခန့် ပျက်စီးနေသော ဆင်သေကျေးရွာနှင့် လ္ဘက်ခင်း-ကချင်စု-ကင်းတော်ကျေးရွာတို့ ဆက်သွယ်ထားသော သံမဏိကြိုးတံတား ပြုပြင်စေလိုကြောင်း သိရသည်။
ချောင်းရေတိုက်စားကာတံတားပျက်စီးနေမှုကြောင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာမှ ကျောင်းသား ကျောင်းသူများ ပြည်သူများ ဖြတ်သန်းသွားလာမှု အခက်ခဲများ ကြုံတွေ့နေရပြီး ပြည်သူများဖြတ်သန်း သွားလာနိုင်ရေးအတွက် အမြန်ဆုံးပြုပြင်စေလိုကြောင်း ဒေသခံတစ်ဦးက ပြောသည်။
"တံတားပျက်စီးနေတာတော့ တစ်နှစ်လောက်ရှိပြီ အရင်နှစ်တွေက သွားလာလို့ ရသေးတယ် ယခုနှစ်တော့ တံတားအားလုံးနီးပါးပျက်စီးသွားပြီ ကျောင်းသား ကျောင်းသူတွေကိုလည်း မိဘများကိုယ်တိုင် မအားမလပ် အကြိုအပို့ လုပ်ပေးနေရတယ် "ဟု ဒေသခံ ဦးဝမ်းက ပြောသည်။
အဆိုပါ တံတားသည် ဆင်သေစံပြကျေးရွာ(အထက) ကျောင်းရှိ ကျေးလက်လမ်းပေါ်တွင်တည်ရှိသော တံတားဖြစ်ပြီး အနီးပတ်ဝန်းကျင် ကျေးရွာ ၁၀ ရွာကျော်မှ ကျောင်းသား ကျောင်းသူများ ပြည်သူများ နေ့စဉ်ဖြတ်သန်းသွားလာနေသော တံတားတစ်စင်း ဖြစ်သောကြောင့် နယ်စပ်ရေးရာဝန်ကြီးဌာန ခွင့်ပြုရန်ပုံငွေ ၅၉ ဒသမ ၅ ကျပ်သန်းဖြင့် တော်ဝင်လင်းကုမ္ပဏီမှ ၂၀၁၄ ခုနှစ်တွင် တာဝန်ယူ တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။
ချန်လော( ခန္တီး)


