ရွှေသောင်ယံ ၂ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက် ချောင်းသာ-ရွှေသောင်ယံ ကွန်ကရစ်လမ်းပိုင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ရွှေဟိန်းထက်ကုမ္ပဏီပိုင်ရှင် ဦးဝင်းနိုင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အရ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင် က ဒေသ ဖွံ့ဖြိုးရေးအတွက် ယခုလိုကွန်ကရစ်လမ်း လှူဒါန်းပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လက်ကမ်းဖိတ်ခေါ်ပါကြောင်း၊ ပြည်ထောင်စုနှင့်တိုင်းဒေသကြီးက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ကူညီပေးမှာဖြစ်ကြောင်း၊ အများပြည်သူအားလုံး သွားလာရေးလွယ်ကူအောင် လမ်းမကြီး လှူဒါန်းပေးတဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း ၊ ဘုရားတည်၊ ကျောင်းဆောက်၊လမ်းဖောက်ခြင်း ဟာအလွန်မွန်မြတ်ပါကြောင်းပြောကြားခဲ့ပြီး၊ အလှုရှင် ရွှေဟိန်းထက် ကုမ္ပဏီပိုင်ရှင် ဦးဝင်းနိုင် က ရွှေသောင်ယံကနေ နှစ်လမ်းသွား (၂၂၇၂) ပေနှင့် လေးလမ်းသွား ပေ(၄၀၀၀) စုစုပေါင်း (၆၂၇၂)ပေရှိပြီး၊ လမ်းအကျယ်(၃၃)ပေ၊ ထုအမြင့်(၉)လက်မဖြင့် စုပေါင်းကုန်ကျငွေကျပ် သိန်းပေါင်း(၁၈၅၄၅)သိန်း လှူဒါန်းခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အလှူရှင် ဦးဝင်းနိုင် က လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းစာအုပ်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိူးအောင်ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ရပ်မိရပ်ဖ ဦးဉာဏ်ရွှေက ဝန်ကြီးချုပ်ကြီး ပြောသွားသလိုပါဘဲ နွေ၊ မိုး၊ ဆောင်း သွားလာဖို့အတွက် နွေရာသီမှာ အဆင်ပြေပေမယ့် မိုးရာသီမှာ အခက်အခဲ ရှိခဲ့ပါတယ်၊ ၂၀၀၄ ခုနှစ်မှာ မန်ကျည်းကျေးရွာအုပ်စုအား ရွှေသောင်ယံမြို့အဖြစ် တည်ခွင့်ရတဲ့နောက်ပိုင်းမှာ ဒီလမ်းကို စည်ပင်သာယာရေးက တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ ကမ်းခြေပတ်လမ်း စီမံကိန်းဝင်လမ်းဖြစ်သွားလို့ ယခုလို လှူဒါန်းပေးတဲ့အတွက် ရွှေဟိန်းထက်ကုမ္ပဏီက ဦးဝင်းနိုင် ဇနီးဒေါ်ဝေဝေမွန်တို့အား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ ဝင်းကြိုင်(ကျောင်းကုန်း)


