ချောင်းဦး ဇူလိုင်   ၁၄ 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် စိုက်ပျိုးရေဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ယမန်နေ့ မွန်းလွဲပိုင်းက မိုးစပါးမျိုးစေ့ထုတ်စံပြကွက် ဧက  ၂၀ စိုက်ပျိုးမည့် တောင်သူများသို့ အရည်အသွေးကောင်း စပါးမျိုးစေ့နှင့် သွင်းအားစုများကို ပံ့ပိုးပေးအပ်ခဲ့သည်။

စပါးမျိုးစေ့နှင့်သွင်းအားစုများ ပေးအပ်ပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မင်းမင်းသန်းမှ မျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်ရခြင်း၏ အကျိုးကျေးဇူးများကိုရှင်းလင်းဆွေးနွေး၍ အရည်အသွေးမီ မျိုးစေ့များကို ရေရှည်စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ပါကြောင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးမောင်မောင်မျိုးခိုင်က မျိုးစေ့ထုတ်တောင်သူများအား မျိုးကောင်းမျိုးသန့်ရရှိရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း အားပေးစကားများပြောကြားခဲ့သည်။

ဆက်လက်၍ချောင်းဦးမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စံပြကွက်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက် နှင့် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များကို ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးကရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ စပါးမျိုးစေ့နှင့်သွင်းအားစုများ ပေးအပ်ပွဲသို့ မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မင်းမင်းသန်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးမောင်မောင်မျိုးခိုင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်မြတ်မြတ်ဦး နှင့် ဝန်ထမ်းများ မျိုးစေ့ထုတ်တောင်သူများ စုစုပေါင်း ၂၈ ဦး တက်ရောက်ကာ မျိုးစေ့နှင့် သွင်းအားစုများကို တောင်သူများထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။ 

ဝင်းမြင့်အောင်(ပြန်ဆက်)

mdn