ချောင်းဦး  ၁၂  အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၏ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုတတိယလူနာသည် မြို့နယ်ပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီးကိုယ်တိုင် ကြပ်မတ်ကုသပေးလျက်ရှိရာ ရောဂါ ပျောက်ကင်းပြီး ကျန်းမာရေးကောင်းမွန်စွာဖြင့် ယနေ့နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

 

ကျီကုန်းကျေးရွာမှာ နေထိုင်သည့် အသက်(၁၈)နှစ်အရွယ် တတိယမြောက် အတည်ပြုလူနာ အမျိုးသား သည် ချောင်းဦးမြို့နယ် ပထမဆုံးအတည်ပြုလူနာနှင့်အတူ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်မှ အတူ နေထိုင်ပြန်လာသူဖြစ်သည်။ စက်တင်ဘာ ၁၈ ရက်က ကျီကုန်းကျေးရွာသို့ ပြန်လည်ရောက်ရှိပြီး ကျီကုန်းကျေးရွာအထက(ခွဲ)ကျောင်းတွင် အသွားအလာကန့်သတ်နေထိုင်စေ၍ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူ စစ်ဆေးခဲ့ရာ ပထမဆုံးအတည်ပြုလူနာအဖြစ် အသက်(၂၇)နှစ်အရွယ် အမျိုးသား တွင် တွေ့ရှိခဲ့သည်။ ဒုတိယအကြိမ် စစ်ဆေးခဲ့ရာမှ တတိယမြောက် ပိုးတွေ့လူနာအဖြစ် တွေ့ရှိခဲ့ပြီး ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ကုသမှုခံယူခဲ့ကာ ကျန်းမာရေး ကောင်းမွန်ပြီး ဆေးရုံမှ ဆင်းခွင့်ရခဲ့ကြောင်း သိရသည်။

 

ချောင်းဦးမြို့နယ်တွင် အတည်ပြုလူနာ(၃)ဦး တွေ့ရှိခဲ့ပြီး ပထမလူနာနှင့် ဒုတိယလူနာဆေးရုံမှ ကျန်းမာရေးကောင်းမွန်စွာ ဆင်းခွင့်ရခဲ့ကြောင်း အခုနောက်ဆုံးလူနာအဖြစ် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်၍ ချောင်းဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ မရှိတော့ကြောင်း၊ ဆေးရုံမှ ဆင်းခွင့်ပြု သူများအား မိမိနေအိမ်တွင် (၇)ရက် အသွားအလာ ကန့်သတ်နေထိုင်ရန် ညွှန်ကြားထားကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ထွန်းဦးက ပြောကြားခဲ့သည်။

 

လူနာဆေးရုံမှ ဆင်းချိန်တွင် ချောင်းဦးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့်နှင့် ရပ်မိရပ်ဖများ လာရောက်အားပေးစကားပြောကြားခဲ့သည်။

ဝင်းမြင့်အောင်(ပြန်ဆက်)