ချောင်းဦး ဒီဇင်ဘာ ၂၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centreခန်းမ ၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ကျောင်းပေါင်းစုံ ကျောင်းသားလေးများ၏ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ စာစီစာကုံး၊ စာအုပ်စာစောင်ပြပွဲပြိုင်ပွဲများကို ဒီဇင်ဘာ ၂၂၊ ၂၃ ရက်နေ့များတွင် ကျင်းပပြုလုပ်သည်။

 

ကျောင်းသား/ကျောင်းသူများ၊ ကျန်းမာပျော်ရွှင်ပြီး အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

 

ကဗျာရွတ်၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပရာ ချောင်းဦးမြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ အခြေခံပညာ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးထိန်လင်းမှ အားလပ်ချိန်များတွင် စာကြည့်တိုက်သို့လာရောက် ငှါးရမ်းဖတ်ရှုနိုင်ကြောင်း၊ စာပေဖတ်ရှုခြင်း အလေ့အထကောင်းများ တိုးပွားလာစေရေး အသိပညာပေး ပြောကြားခဲ့သည်။ ပြိုင်ပွဲတစ်ခုခြင်းစီအတွက် အကဲဖြတ်ဒိုင်မှ ဆုရွှေးချယ်ပေးပြီး ဆုရရှိသူများအား အခန်းအနားပြုလုပ်၍ ဆုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အိအိအောင် (ချောင်းဦး)