ချောင်းဦး   ၂၄   ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့တွင် ကိုဗစ်-၁၉  ရောဂါကူးစက်ပြန့်ပွားမှုကာကွယ် ထိန်းချုပ်နေသည့် ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများတွင် ပစ္စည်းလေးပါးပြည့်စုံစေရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ကကြီးမှူးပြီး ဧပြီလ ၂၃ ရက်က ဆန်နှင့် ဆီများ သွားရောက်လှူဒါန်းကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။

 

ချောင်းဦးမြို့နယ်တွင် ကျောင်းထိုင်ဆရာတော်နှင့် သံဃာတော် (၁၅)ပါးနှင့် အထက်ရှိသော ဘုန်းတော်ကြီးကျောင်း ၁၉  ကျောင်းသို့ ဆန်တစ်တင်းခွဲအိတ် ၂၅ အိတ်နှင့် ဆီ ၁၉၀ ပိဿာတို့ကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးအောင်ဘော်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး ဦးစိုးထွန်းအောင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးတင်အောင်မိုးနှင့် မြို့မိမြို့ဖ တို့ကသွားရောက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

 

ချောင်းဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့၏ ကြီးကြပ်မှုဖြင့် မြို့နေစေတနာရှင် ပြည်သူလူထုများက လှူဒါန်းပေးမှုများကို ဘုန်းတော်ကြီးကျောင်း ၁၉ ကျောင်းသို့ ယခုကဲ့သို့ ကနဦးလှူဒါန်းပေးခြင်းဖြစ်ပြီး ဆက်လက်၍လည်း မြို့နယ်အတွင်းရှိသံဃာတော် ၁၅ ပါးအောက် ရှိသောဘုန်းတော်ကြီးကျောင်းများသို့ အလားတူ ဆန်နှင့်ဆီများ လှူဒါန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်က ပြောသည်။

 

ယမင်း(ရွှေဦးမြေ)