ချောင်းဦး ၁၁ ဒီဇင်ဘာ
လျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဖွဲ့စည်းခြင်းကို ယနေ့ နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ချောင်းဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဘော်က အမှာစကား ပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး လျှော်ဖြူ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးဇော်မင်း က မိတ်ဆက်စကားပြောကြားခဲ့သည်။

ထို့နောက် မုံရွာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်က အသင်းဖွဲ့စည်းရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်က နာယကအဖြစ် ဆောင်ရွက်၍ တက်ရောက်လာသည့် လျှော်ဖြူစိုက်ပျိုးသည့် တောင်သူ(၅၈)ဦးမှ ကိုယ်တိုင်ရွေးချယ်ထားသည့် လျှော်ဖြူ စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းဖွဲ့ဝင် ၁၁ ဦးအား အတည်ပြု ဖွဲ့စည်း ပေးခဲ့သည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင် ဦးစီးမှူး ဒေါ်သန်းသန်းတင်က မြို့နယ်အသင်းဝင်များ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များနှင့် အသင်းအလုပ်အမှုဆောင်များ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မုံရွာခရိုင်ဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ရီလင်းထွဋ်က လယ်ယာသုံး စက်ကိရိယာများနှင့် ပတ်သက်၍ စားသုံးသူ ကာကွယ်ရေး ဥပဒေအကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အိအိအောင် (ချောင်းဦး)