ချောင်းဦး  ၂၁  သြဂုတ်


မိုးစပါး ဆင်းသုခ RS to CS မျိုးသန့်မျိုးစေ့ထုတ်စိုက်ကွက် စံပြကွက် တောင်သူပညာပေး လက်တွေ့စိုက်ပျိုးကွင်းသရုပ်ပြသခြင်းကို ယနေ့ နံနက် ၈ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ခင်မွန်စခန်း ကျီကုန်း ကျေးရွာရှိ တောင်သူ ဦးကျော်ခိုင်၏ လယ်မြေတွင် ကွင်းသရုပ်ပြသခဲ့ကြောင်း သိရသည်။


ကွင်းသရုပ်ပြသ စိုက်ပျိုးရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး က “ဒေသခံတောင်သူ များအတွက် ဒေသရေမြေ ရာသီဥတုနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်း၊ မျိုးကောင်းမျိုးသန့် မျိုးစေ့များ အလွယ်တကူ ရရှိစိုက်ပျိုးနိုင်စေရေး၊ လယ်ယာကဏ္ဍ ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မား လာစေရေး အတွက် တောင်သူတွေကိုယ်တိုင် စီးပွားဖြစ် မျိုးကောင်း မျိုးသန့်မျိုးစေ့များ ထုတ်လုပ်နိုင်ရန်၊ ဒေသတွင်း မျိုးစေ့များ အလွယ်တကူ ဝယ်ယူရရှိနိုင်ရန် သရုပ်ပြစိုက်ပျိုးပေးခြင်း ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း နည်းပညာများ၊ ဓာတ်မြေသြဇာ၊ ဓာတုပိုးသတ်ဆေး သုံးစွဲနည်းများ၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းခြင်း နည်းပညာများ၊ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ တောင်သူများအနေဖြင့် လက်ရှိစိုက်ပျိုးလျက်ရှိသော မျိုးကွဲများစွာ စိုက်ပျိုးသည့်အစား ဒေသရေမြေနှင့် ကိုက်ညီသည့် မျိုးတစ်မျိုးတည်းသာ စိုက်ပျိုးသင့်ကြောင်း ပြောကြားသည်။


ကွင်းသရုပ်ပြသရာသို့ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးနှင့် ဝန်ထမ်းများ၊ ကျီကုန်းကျေးရွာတောင်သူ ၅၀ တက်ရောက်ခဲ့ကြောင်း သိရသည်။


အိအိအောင်(ချောင်းဦး)