ချောင်းဦး စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မှန်ချိုကျေးရွာ၌ တောင်သူ သုံးဦး၏ ယာမြေ ၁၀ ဧက စံပြစိုက်ကွက်တွင် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးနှင့် ဝန်ထမ်းများ ဦးဆောင်ပြီး မိုးနှောင်းချည်မျှင်ရှည်ဝါ စုပေါင်းစိုက်ပျိုးခြင်း လက်တွေ့ ကွင်းသရုပ်ပြ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

စုပေါင်းစိုက်ပျိုးပွဲသို့ တက်ရောက်လာသည့် ချောင်းဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်နှင့် ဌာနဆိုင်ရာများ၊ တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက ဝါသီးနှံကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာခြင်းဖြင့် တောင်သူတစ်ဦးချင်း ဝင်ငွေတိုးလာစေရန်၊ ဝါစိုက်ပျိုးနည်းစနစ် မှန်ကန်ပြီး တောင်သူများ နည်းပညာကို သိရှိလိုက်နာ ဆောင်ရွက်လာစေရန်၊ ဝါသီးနှံကို ကျယ်ပြန့်စွာ စိုက်ပျိုးလာခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာစေရန် ရည်ရွယ်ကြောင်း၊ ဝါစိုက်ပျိုးခြင်းဖြင့် တစ်ဧက ကုန်ကျစရိတ် သက်သာပြီး အမြတ်များများ ရရှိစေခြင်း၊ ဒေသရေမြေ သဘာဝနှင့် ကိုက်ညီမှုရှိသည့်အတွက် စိုက်ပျိုးရန် သင့်တော်သည့် အခွင့်အလမ်းရရှိခြင်း၊ ဝါသီးနှံ စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိလာမှာဖြစ်ကြောင်း အသိပညာပေးခဲ့ပြီး စုပေါင်းစိုက်ပျိုးမည့် ဧရိယာနှင့် ပျိုးစေ့များအကြောင်း ရှင်းလင်းပြသသည်။

 

ထို့နောက်တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် လယ်စာရင်းအင်း၊ ဆည်မြောင်း၊ ဌာနဆိုင်ရာများ၊ တောင်သူများ စုပေါင်းပြီး စိုက်ပျိုးရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက်ခင်းအား စုပေါင်းစိုက်ပျိုးကြသည်။

 

စုပေါင်းစိုက်ပျိုးခဲ့သည့် မြေယာမှာ မှန်ချိုကျေးရွာနေ တောင်သူ ဦးမျိုးဆွေ၊ ဦးမြင့်သန်း၊ ဦးစိန်မောင်တို့ စိုက်ပျိုးသည့် ကွင်းဖြစ်ပြီး ၁၀ ဧကအကျယ်ရှိကာ ဘရာပို ၇၀၀ စပ်မျိုး ချည်မျှင်ရှည်ဝါ မျိုးဖြစ်ကြောင်း သိရသည်။ ချောင်းဦးမြို့နယ်တွင် ဝါသီးနှံစိုက်ပျိုးရန် ၄၉၀၅ ဧက လျာထားပြီး ယခုအခါ တောင်သူ ၁၀၀၀ ကျော်မှ ဝါသီးနှံအား ၆၇၇၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

 

ဝင်းမြင့်အောင်(ပြန်/ဆက်)