ချောင်းဦး ဇန်နဝါရီ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ မင်းခေါင်၊ မင်းတည်၊ မကျီးဘုတ် ကျေးရွာများရှိ တောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားသည့် ကုလားပဲ စိုက်ခင်းများအတွင်း ဒီဇင်ဘာ ၃၁ ရက်က ဥကပ်ပါးနဂျီလွှတ်ပွဲ ပြုလုပ်ပြီး တောင်သူများကို သီးနှံဖျက်ပိုး ကာကွယ်ရေး ပညာပေးခဲ့သည်။
ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးနှင့် ဝန်ထမ်းများက မင်းခေါင်၊ မင်းတည်၊ မကျီးဘုတ်ကျေးရွာ တောင်သူများစိုက်ပျိုးထားသည့် ကုလားပဲစိုက်ခင်းများသို့ ကွင်းဆင်းပြီး တောင်သူများနှင့် တွေ့ဆုံကာ သီးနှံစိုက်ခင်းတွေမှာ ဓာတုဆေးသုံးစွဲခြင်းကို လျှော့ချနိုင်စေရေး၊ ကုန်ကျစရိတ် သက်သာစေရေး၊ သီးနှံတွေမှာ ကျရောက်လာမယ့် ဖျက်ပိုးတွေကို ကြိုတင်ကာကွယ်နိုင်စေရေး၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ထိန်းသိမ်းနိုင်စေရေး၊ စိုက်ပျိုးထားသည့် သီးနှံအရည်အသွေး ကောင်းမွန်စေရေး အတွက် တောင်သူများအား သီးနှံဖျက်ပိုး ကာကွယ်ရေး ပညာပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများနှင့် တောင်သူများ စုပေါင်းပြီး ဧက ၁၀၀ ရှိသည့် ဆောင်းသီးနှံ ကုလားပဲစိုက်ခင်းအတွင်း ဥကပ်ပါးနဂျီကတ်များ ချိတ်ဆွဲကာ ဥကပ်ပါးနဂျီ လွှတ်ပွဲ ပြုလုပ်ခဲ့သည်။ ချောင်းဦးမြို့နယ်တွင် စပါး၊ ဝါ၊ ကုလားပဲနှင့် ပဲအမျိုးမျိုး၊ ဂျုံ၊ နေကြာ၊ ကြက်သွန် စိုက်ပျိုးလုပ်ကိုင်နေသည့်အပြင် နိုင်ငံခြားဝင်ငွေ ရရှိသည့် ဖရဲ၊ သခွါးကိုလည်း အများအပြား စိုက်ပျိုးကြသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)


