ချောင်းဦး ၂၃ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် နွယ်ခွေကျေးရွာအုပ်စု ချောင်းမကျေးရွာတွင် ယနေ့နံနက် ၈ နာရီ မိနစ် ၄၀ က လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားကြောင်း မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၈ နာရီ မိနစ် ၄၀က ချောင်းမကျေးရွာတွင် နေထိုင်သည့် ဦးအောင်ဒင်(၃၇)နှစ် ၏ နေအိမ်(သွပ်မိုး၊ထရံကာ၊ မြေစိုက်၊၃ပင်၂ခန်း၊၂ထပ်နေအိမ်)ရှိ မီးဖိုမှတစ်ဆင့် မီးကြွင်းမီးကျန်မှ မီးစတင် လောင်ကျွမ်းကြောင်း သတင်းအရ ချောင်းဦးမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ဦးစီးမှူး ဦးတင်အောင်မိုး ဦးစီးပြီး အခြားအဆင့် ၁၀ ဦး၊ မီးသတ်ယာဉ်၂စီး၊ မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နွယ်ခွေ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးညိုဝင်းနှင့် ချောင်းမကျေးရွာ ရွာသူရွာသားများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)


