စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်း၌ "မန်းရွှေပြည်" နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယနေ့ နေ့လည် ၁ နာရီခန့်က ခင်မွန် အထက(ခွဲ)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်နှင့် ဦးကျော်ဆန်း၊ အလှူရှင် ဦးမောင်မောင်+ဒေါ်ဝင်းမြိုင် တို့က  ''မန်းရွှေပြည်" ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

 

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်ချုပ်ခင်မောင်အေး တို့က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အလှူရှင်မိသားစုမှ ရှင်းလင်းခဲ့သည်။

 

ဆက်လက်ပြီး "မန်းရွှေပြည်" နှစ်ထပ်ကျောင်းဆောင်သစ် အလှူရှင် ဦးမောင်မောင်+ ဒေါ်ဝင်းမြိုင် တို့၏ (သား) ဦးတင်အောင်ခိုင် "ဝင်းဝင်းမြိုင်"ကုမ္မဏီ(ဥက္ကဌ) မှ ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် ပညာရေးဆိုင်ရာ အချက်အလက်များကို တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်းထံ လွှဲပြောင်းပေးအပ်ပြီး နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအထိမ်းအမှတ် အလံများကို စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်ချုပ်ခင်မောင်အေး၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်း၊ မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသူရ၊  မုံရွာခရိုင် ပညာရေးမှူး ဦးသန်းညို နှင့် ချောင်းဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော် တို့ထံသို့ ပေးအပ်ပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက အလှူရှင် ဦးတင်အောင်ခိုင် "ဝင်းဝင်းမြိုင်" ကုမ္မဏီ (ဥက္ကဌ)ထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 

ယနေ့ ဖွင့်လှစ်သော ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း "မန်းရွှေပြည်" နှစ်ထပ်ကျောင်းဆောင်သစ်မှာ အလျား (၁၂၀)ပေ၊ အနံ (၃၄)ပေ၊ အမြင့်(၂၄)ပေ ၊ RC နှစ်ထပ် ကျောင်းဆောင်သစ်ဖြစ်ပြီး၊ ကျပ်သိန်းပေါင်း (၂၃၀ဝ) အကုန်ကျခံ တည်ဆောက်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။