ချောင်းဦး ၁၈ မတ်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ခင်မွန်စံပြကျေးရွာတွင် ''ရွှေမြင့်မိုရ် ဆရာတော်'' ဘဒ္ဒန္တ ဝိသုတ ဦးဆောင်မှု၊ “Taiwan Buddhist Tzu Chi Foundation & Myanmar Representive Office Yadanar Hospital” ၏ မတည်လှူဒါန်းမှုတို့ဖြင့် ရွှေမြင့်မိုရ် စက္ခုဒါန အထွေထွေကုဆေးရုံကြီးတွင် ယနေ့ နံနက် ၈ နာရီက မျက်စိဝေဒနာရှင်များအား ကုသိုလ်ဖြစ် (အခမဲ့)ကုသပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မျက်စိဝေဒနာရှင်များကို ကုသမှုများပြုလုပ်ပေးရာတွင် မျက်စိအမြင်အာရုံ စစ်ဆေးခြင်း၊ မျက်စိပါဝါ တိုင်းခြင်း၊ မျက်စိစမ်းသပ်ပေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးစစ်ခြင်းများ ဆောင်ရွက်ပြီး၊ ခွဲစိတ်ကုသရန် လိုအပ်သော မျက်စိဝေဒနာရှင်များအား ခွဲစိတ်ဆောင်ရွက် ပေး ကာ ခွဲစိတ်မှု မလိုအပ်သော ဝေဒနာရှင်များကို မျက်စဉ်းဆေး၊ သောက်ဆေးနှင့် မျက်မှန်များပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် မတ်လ (၁၇)ရက် မှ (၁၉) ရက်ထိ လာရောက်ပြသသည့် မျက်စိ ဝေဒနာရှင် (၁၀၅၃) ဦးကို ထိုင်ဝမ်မှ မျက်စိအထူးကုဆရာဝန်ကြီး Professor Dr. Chan နှင့် အဖွဲ့မှ (အခမဲ့) ကုသိုုလ်ဖြစ် ခွဲစိတ်ပေးမည်ဖြစ်ပြီး ယခုအကြိမ်က စတုတ္ထအကြိမ်မြောက် ဖြစ်ကြောင်း၊ ရွှေမြင့်မိုရ် စက္ခုဒါန အထွေထွေကုဆေးရုံ တာဝန်ခံ ဒေါက်တာ နှင်းထွန်းအောင်(ယာယီ)က ပြောပြ၍ သိရသည်။
မျက်စိခွဲစိတ်ပြီးသူ ဝေဒနာရှင်များထဲမှ ခင်မွန်ရွာနေ အသက်(၉၉)နှစ်အရွယ် အဖွား ဒေါ်ညွန့်ရင်က ''ယခုလို ကုသိုလ်ဖြစ် (အခမဲ့) ခွဲစိတ်ကုသပေးသော ရွှေမြင့်မိုရ် ဆရာတော်၊ ထိုင်ဝမ်မှ အလှူရှင်များ၊ ဆရာဝန်ကြီး များအဖွဲ့နှင့် လုပ်အားဒါန ကုသိုလ်ဖြစ် ကူညီ ဆောင်ရွက်ပေးကြသော ပရဟိတအဖွဲ့ အစည်းများကိုလည်း ကျေးဇူးတင်ကြောင်း၊ မျက်စိအလင်း ပြန်လည်ရရှိသည့်အတွက်လည်း အလွန်ဝမ်းသာပီတိ ဖြစ်ကြောင်း" ပြောကြားခဲ့သည်။
အိအိအောင် (ချောင်းဦး)