ချောင်းဦး ၃ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာ၊ ကွင်းအမှတ် (၁၉၆၁) တောင်သူ ဦးကျော်ငြိမ်း ပိုင်ဆိုင်သောလယ်တွင် ဇန်နဝါရီ ၃ ရက်၊ နံနက်(၈)နာရီက မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
စံကွက်ရိတ်သိမ်းပွဲတွင် ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးက အမှာစကား ပြောကြားပြီး၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး က တစ်ဧကအထွက်နှုန်းမြှင့်မားစေရေး၊ ကောက်ကွက် ပြည့်မီစေရေး၊ အောင်နှံပင်ပွားတိုးပွားရေးနှင့် တစ်နှံပါအောင်စေ့ တိုးပွားစေရေး စသည့်ရည်ရွယ်ချက်များဖြင့် မိုးစပါး စံကွက် ရိတ်သိမ်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက တောင်သူ ဦးကျော်ငြိမ်း ၏ လယ်ယာမြေတွင် စိုက်ပျိုးထားသော စပါးမျိုး သုံးဧကကို စံကွက်ရိတ်သိမ်းရာ တစ်ဧကကိုယ်စားပြု ၁၂၂ တင်း ထွက်ရှိကြောင်း သိရသည်။
စံကွက်ရိတ်သိမ်းပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်နှင့် ဦးကျော်ဆန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးလှအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး နှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အိအိအောင်(ချောင်းဦး)