ချောင်းဦး ၂   မေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းရှိ သန်းပင်ကန်ကျေးရွာတွင် မြစိမ်းရောင် စီမံကိန်းအတိုးရငွေနှင့် ကျေးရွာနေပြည်သူများ စုပေါင်းထည့်ဝင်ငွေများဖြင့် ကျေးလက်မီးလင်းရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ ယခုအခါတွင် ကျေးရွာတွင်းလမ်းမများ လျှပ်စစ်မီးစတင်လင်းနေပြီ ဖြစ်ကြောင်း ချောင်းဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်း၏ ပြောကြားချက်အရ သိရသည်။

 

သန်းပင်ကန်ကျေးရွာအတွင်း ကျေးလက်မီးလင်းရေးလုပ်ငန်းကို ၂၀၁၈ ခုနှစ်မှ စတင်အကောင်အထည်ဖော် လုပ်ကိုင်ခဲ့ရာ ကျေးရွာအတွင်း လမ်းအရှည်(၉၂၉၆)ပေကို မြစိမ်းရောင်အတိုးရငွေ ကျပ်(၈၁)သိန်းနှင့် ကျေးရွာနေ ပြည်သူများ၏ စုပေါင်းထည့်ဝင်ငွေကျပ် (၂၄၄ ဒသမ ၇၉၁၅)သိန်း စုစုပေါင်းငွေကျပ် (၃၂၅ ဒသမ ၇၉၁၅) သိန်းဖြင့် လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 “မြစိမ်းရောင်ကျေးရွာစီမံကိန်းက အတိုးငွေကတည်း မီးလင်းရေးမှာ ထည့်သုံးခွင့်ရတဲ့အတွက် ပြီးစီးမှု မြန်သွားတာဖြစ်ပါတယ်၊ အခုကျေးရွာတွင်း လမ်းတွေမီးစတင်လင်းနေပြီ အိမ်တွေမှာ မီးလင်းဖို့ အတွက်ကတော့ ကြိုးစားရအုံးမှာဖြစ်ပါတယ်၊ အရင်နဲ့စာရင်တော့ မြစိမ်ရောင်ကျေးရွာ စီမံကိန်းကြောင့် ကျေးရွာက ပြည်သူတွေပိုပြီး အဆင်ပြေလာကြပါတယ်” ဟု သန်းပင်ကန်ကျေးရွာမှ မြစိမ်းရောင် ကျေးရွာစီမံကိန်း ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောသည်။

 

အလားတူ ဘလွေကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေကျပ် (၈၀)သိန်းနှင့် ကျေးရွာနေပြည်သူများ စုပေါင်းထည့်ဝင်ငွေကျပ် (၂၅၄ ဒသမ ၆၂၅)သိန်း၊ စုစုပေါင်းငွေကျပ် (၃၃၄ ဒသမ ၆၂၅)သိန်းဖြင့် ကျေးရွာတွင်းလမ်းအရှည် (၁၀၂၈၀)ပေကို မီးလင်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ခဲ့သဖြင့် လမ်းမီးများ စတင်ရရှိနေပြီ ဖြစ်ကြောင်း ဘလွေကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်း၏ ပြောကြားချက်အရ သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)