ချောင်းဦး အောင်တိုဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် မိုးစပါးတစ်ဧက တင်း(၁၀၀) အထက် ထွက်ရှိစေရေးအတွက် ကွင်းဆင်းပညာပေးခြင်းလုပ်ငန်းကို ရွာထင်ကျေးရွာ တောင်သူ ဦးကြိုင်၏ ကွင်းအမှတ် ၁၉၆၃/က တွင် အောက်တိုဘာ ၁၉ ရက်၊ နံနက် ၉ နာရီ အချိန်က ကွင်းဆင်းပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းရာတွင် ချောင်းဦးမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက သိပ္ပံနည်းကျ ဘောင်ပျိုး စနစ်ဖြင့်စိုက်ပျိုးထားသည့် မိုးစပါးစိုက် တောင်သူများနှင့် တွေ့ဆုံပြီး ပညာပေး ရှင်းလင်းခြင်း၊ လက်ကမ်း စာစောင် ဖြန့်ဝေခြင်း၊ မိုးစပါးအထွက်နှုန်း တိုးတက်ရေးအတွက် တစ်ဧက တင်း(၁၀၀)ထွက်ရှိရန် တောင်သူများ လိုက်နာရမည့် အချက်(၁၄)ချက်ကို သိရှိရန် လက်တွေ့ပြသပြီး ပညာပေးရှင်းလင်းပြောပြခဲ့ကြောင်း သိရသည်။
"ယခုနှစ်တွင် မိုးစပါးကို တင်း ၁၀၀ အထက်ထွက်ရှိရေးအတွက် အကျိုးဆောင်တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဓါတ်မြေဩဇာများ အကျိုးရှိရှိသုံးစွဲရေး ယူရီးယားနှင့် နွားချေး ရောစပ်သုံးစွဲရေး ကုန်ကျစရိတ် သက်သာသည့် ရွက်ဖျန်းအားဆေးများ သုံးစွဲရေးတို့အပြင် မြေဆီလွှာတိုးတက်ကောင်းမွန်စေရန်အတွက် အီအမ် ဖျော်ရည်များကိုပါ ထည့်သွင်း သုံးစွဲရန်၊ တောင်သူတွေအနေဖြင့် မိုးစပါးစိုက်ပျိုးရာတွင် သိပ္ပံနည်းကျစိုက်ပျိုးစနစ်ပါ အချက် (၁၄)ချက်ကို လိုက်နာကျင့်သုံးပြီး စိုက်ပျိုးမယ်ဆိုရင် တစ်ဧကကို တင်း(၁၀၀)အထက် ထွက်ရှိမှာ သေချာကြောင်း၊ ဒါကြောင့်မို့ တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားလာဖို့အတွက် သိပ္ပံနည်းကျ စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးကြဖို့ တောင်သူများကို တိုက်တွန်းပြောကြားလိုပါကြောင်း" ဟု မြို့နယ် ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက ရှင်းလင်းပြောပြသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးနှင့် ဝန်ထမ်းများ၊ မိုးစပါး စိုက်တောင်သူများ တက်ရောက်ခဲ့သည်။ ချောင်းဦးမြို့နယ်တွင် မိုးစပါးကို အထွက်ကောင်းမျိုးများဖြစ်သည့် ဆင်းသုခ၊ မနောသုခ မျိုးများကို ဧက ၂၀၀၀၀ ခန့် စိုက်ပျိုးလျက်ရှိပြီး ယခုအချိန်တွင် ၆၀-၇၀ ရက်သား ဝန်းကျင်ရှိပြီး စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ရွာထင်ကျေးရွာ တောင်သူများထံမှ သိရသည်။
အိအိအောင်(ချောင်းဦး)