နေပြည်တော် ဇူလိုင် ၁၃

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းမကြီးများပေါ်၌ မောင်းနှင်သွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာတွင် ဇူလိုင်လ ၁၁ ရက် ညနေ ၄ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာအနီး မုံရွာ-မန္တလေးသွားကားလမ်း မိုင်တိုင်အမှတ် ၇၁ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံအကြား၌ ခရီးသည်တင်ယာဉ်တစ်စီးအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ခရီသည်တင်ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ “ရွှေသလ္လာ” ခရီးသည်တင်ယာဉ်သည် မုံရွာမြို့မှ ခရီးသည် ၁၂ ဦးတင်ဆောင်ကာ မန္တလေးမြို့သို့ မုံရွာ-မန္တလေးကားလမ်းအတိုင်း မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ်၏ ရှေ့၊ နောက်၊ ဘေးလေကာမှန်များနှင့် ဘီး ၄ လုံစလုံးကွဲကာ ယာဉ်မောင်း ကိုအောင်မိုးဟိန်း၊ အကူယာဉ်မောင်း ဦးလှဝင်းမောင်၊ ယာဉ်နောက်လိုက် ကိုရန်အောင်ထွန်းနှင့် ယာဉ်ပေါ်လိုက်ပါစီးနင်းလာသည့် ခရီးသည် ၉ ဦးတို့တွင် ပေါက်ကွဲစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း၊ အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လူမှုကူညီရေးယာဉ် ၇ စီးဖြင့်တင်ဆောင်ကာ မုံရွာမြို့ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်စဉ် အခင်းဖြစ်စဉ် နေရာနှင့် ၁ ဖာလုံခန့်အကွာသို့အရောက်၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်း တစ်လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် လူထိခိုက်မှုမရှိသော်လည်း လူမှုကူညီရေးယာဉ်တစ်စီး၏ အနောက်လေကာမှန်တစ်ချပ် ကွဲအက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် လမ်းမကြီးပေါ်၌ သွားလာနေသည့် ခရီးသည်တင် မော်တော်ယာဉ်များ၊ လူမှုကူညီရေးယာဉ်များကို လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ကျူးလွန်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည်များ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်