ချောင်းဦး၊ ၆ ဇန်နဝါရီ
ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ပိုးမွှားတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်မာလာနွယ်၊ အမြင့် စိုက်ပျိုးနည်းပညာပြန့်ပွားရေးစင်တာ တာဝန်ခံ ဦးတင်မောင်ဌေးနှင့် စိုက်ပျိုးရေးပညာရှင် ဝန်ထမ်းများသည် ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက ချောင်းဦးမြို့နယ် ကုလားကြီးကျေးရွာရှိ သခွား၊ ခရမ်းချဉ်မျိုးစေ့ထုတ် (GAC) ကုမ္ပဏီအသင်း၏ စိုက်ကွင်းသို့ သွားရောက်၍ မျိုးစေ့အရည်အသွေးနှုန်း ကောင်းစေရန် စိုက်ခြံများအရောက် နည်းပညာများဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိသည်။
“ချောင်းဦးမြို့နယ်အတွင်း စိုက်ပျိုးထားသော သခွားနှင့် ခရမ်းချဉ်မျိုးစေ့ထုတ်ကုမ္ပဏီ (GAC)၏ တာဝန်ခံနှင့် တွေ့ဆုံပြီး မျိုးစေ့အရည်အသွေးနှုန်းကောင်းစေရန် နည်းပညာတွေဖြန့်ဝေပေးရာတွင် အသီးအပွင့် အားတိုးဆေး၊ ယူရီးယား-လက်ချား ပြုလုပ်သုံးစွဲနည်းများ၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းများ၊ မှိုရောဂါ ကာကွယ်ရန်အတွက် ထရိုင်ခိုးဒါးမား (Trichoderma)သုံးစွဲပေးနိုင်မှု၊ ဓာတုဆေးများ လျှော့ချသုံးစွဲရန်၊ ဆေးဘူးခွံများ စနစ်တကျ စွန့်ပစ်တတ် စေရန်အတွက် ဓာတုဓာတ်ကြွင်းအန္တရာယ် အကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ရှင်းလင်း ဆွေးနွေးပေးပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အမြင့် စိုက်ပျိုးနည်းပညာပြန့်ပွားရေးစင်တာ တာဝန်ခံ (လက်ထောက်ဦးစီးမှူး) ဦးတင်မောင်ဌေးက ပြောပြသည်။
သခွားနှင့် ခရမ်းချဉ်မျိုးစေ့ထုတ် စိုက်ပျိုးရောင်းချရာတွင် ဒေသနှင့် ကိုက်ညီမှုရှိပြီး တောင်သူတွေ မျိုးစေ့ထုတ်ယူရလွယ်ကူအောင် ဈေးနှုန်းသက်သက်သာသာ ရရှိအောင် ပြုလုပ်ဆောင်ရွက်ရတယ်ဟု ခရမ်းချဉ်မျိုးစေ့ထုတ်(GAC) ကုမ္ပဏီ တာဝန်ခံ ဒေါ်ပြုံးပြုံးလွင်၏ ပြောပြချက်အရ သိရသည်။
အလားတူ အင်းမဘက်စုံသုံးစံပြကျေးရွာ တောင်သူ ဦးကျန်နှင့် တောင်သူ ဦးအောင်သန်းလွင်တို့၏ နေကြာမျိုးစေ့ထုတ်စိုက်ခင်းနှင့် ကုလားပဲမျိုးစေ့ထုတ်စိုက်ခင်းများသို့ မြို့နယ်ပိုးမွှားတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်မာလာနွယ်နှင့် စိုက်ပညာရှင်ဝန်ထမ်းများ ကွင်းဆင်းကြည့်ရှုပြီး ပိုးမွှားကျရောက်မှု အန္တရာယ်မှ ကင်းဝေးစေရန်နှင့် မျိုးများ၏ (Data) မှတ်တမ်းများ ကောက်ယူပြီး စိုက်ပျိုးရေး အခက်အခဲများရှိခဲ့လျှင် သက်ဆိုင်ရာနည်းပညာ ပြန့်ပွားရေးစင်တာများနှင့် ချိတ်ဆက်၍ ဆွေးနွေးမေးမြန်း နိုင်ကြောင်း တောင်သူများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)


