ချောင်းဦး    ၁၄   ဩဂုတ် 

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တွင် ဧက(၄၀ဝ) အဆင့်မြင့်လယ်ယာ ဖော်ထုတ်နေမှုနှင့် မြစ်ရေတင်များမှ ရေပေးဝေခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာသို့ ဩဂုတ် ၁၃ ရက်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးကမ်ဇာမုံနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု ခဲ့ကြောင်း သိရသည်။

 

2

 

ထို့သို့ ကွင်းဆင်းကြည့်ရှုရာတွင် တိုင်းဒေသကြီးဝန်ကြီး ဦးကမ်ဇာမုံနှင့် အဖွဲ့သည် ချောင်းဦးမြို့နယ်အတွင်းရှိ သုံးပန်လှ မြစ်ရေတင်နှင့် အောင်စေပိုင်စေ မြစ်ရေတင်လုပ်ငန်းများမှ ရေရရှိကာ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသော တောင်သူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရေကော်မတီများနှင့် တွေ့ဆုံကာ တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆွေးနွေးခဲ့သည်။

 

33

 

ထို့နောက် ဒေသခံတောင်သူများက သုံးပန်လှ မြစ်ရေတင်လုပ်ငန်းမှ ရေပေးဝေရာတွင် နှစ်စဉ် ရေဝင်ရောက်မှု နည်းပါးသဖြင့် တောင်သူများအနေဖြင့် စိုက်ပျိုးရေ လုံလောက်စွာ မရရှိခြင်းကြောင့် စိုက်ပျိုးရေ အခက်အခဲများကို တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီး ဦးကမ်ဇာမုံမှ သုံးပန်လှ မြစ်ရေတင်သို့ ချင်းတွင်းမြစ်မှတစ်ဆင့် ရေဝင်ရောက်မှု ရရှိနိုင်ရေး စက်အင်အားကြီးများ နှစ်ဆင့်၊ သုံးဆင့် အသုံးပြုကာ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးသွားမည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

“အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ခြင်းကြောင့် တောင်သူများအနေဖြင့် နွေရော၊ မိုးပါ နှစ်သီးစားအဖြစ် စပါးများ ထွက်နှုန်းမှန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်း၊ စိုက်ပျိုးရေ၊ အောင်ရေများကို အဆင်ပြေ အချိန်မှန်ရရှိခြင်း၊ ရိတ်သိမ်းချိန်အမီ ရိတ်သိမ်းနိုင်ပြီး ကုန်ထုတ်လမ်းများ ပါဝင်သည့်အတွက် ထုတ်ကုန်များ လွယ်လင့်တကူ သယ်ယူနိုင်ခြင်းတို့ကြောင့် များစွာအထောက်အကူပြုရပြီး ယခု ဧက (၄၀ဝ)အပြင် တောင်သူများမှလည်း  အဆင့်မြင့်လယ်ယာ ဖော်ထုတ်ရာတွင် ပါဝင်ချင်သည့် ဆန္ဒများရှိကြောင်း” တောင်သူ ဦးမျိုးဝင်းက ပြောသည်။

ချောင်းဦးမြို့နယ်၌ မြစ်ရေတင်များအနေဖြင့် သုံးပန်လှမြစ်ရေတင်၊ အောင်စေပိုင်စေ မြစ်ရေတင်လုပ်ငန်းများမှ သုံးပန်လှကျေးရွာ၊ တောကျောင်းကြီးကျေးရွာ၊ ရွှေလှေကျေးရွာနှင့် အခြားကျေးရွာများသို့ စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိသည်။

အောင်စေပိုင်စေ မြစ်ရေတင်လုပ်ငန်းမှ ရေပေးဝေကာ ဧက(၄၀ဝ) အဆင့်မြင့်လယ်ယာမြေ ဖော်ဆောင်လျှက်ရှိပြီး အဆိုပါ အဆင့်မြင့် လယ်ယာမြေဖော်ထုတ်ခြင်းကို တောင်သူများမှ ကိုယ့်အားကိုယ်ကိုးဖြင့် ဧက(၁၀ဝ)နှင့် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဧက (၃၀ဝ) ဖော်ဆောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

ယုယုဝင်း (ချောင်းဦး)