ချောင်းဦး ၁၈  မတ်

           

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကပ်ရောဂါဘေး အန္တရာယ် ကင်းဝေစေရန် မြို့နယ်လုံးကျွတ် အန္တရာယ်ကင်း ပရိတ်ရွတ် တရားတော်များ ရွတ်ပွား ပူဇော်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မတ်လ (၁၇) ရက် မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

                       

အစည်းအဝေးတွင် အဆိုပါရောဂါ မိမိတို့မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း ကူးစက်ပြန့်ပွားမှု မရှိစေရေး နှင့် ဘေးအန္တရာယ်အပေါင်း ကင်းဝေးစေရေးတို့အတွက် ချောင်းဦးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် တစ်ရပ်ကွက်လျှင် ဆရာတော်၊ သံဃာတော် (၉) ပါးစီဖြင့် သံဃာပေါင်း (၂၈၈) ပါးမှ ဦးဆောင်ပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိ၊ ရပ်ဖများနှင့် မိဘပြည်သူများ ပူးပေါင်းကာ ၁၃၈၁ ခုနှစ်၊ တပေါင်းလဆုတ် (၁၃) ရက်၊ မတ်လ ၂၁ ရက် ညနေ (၅) နာရီ (၃၁) မိနစ်တွင် ရပ်ကွက်ကျေးရွာများ အတွင်းရှိ သတ်မှတ်နေရာများ၌ မင်္ဂလသုတ်၊ မေတ္တာသုတ်၊ ရတနာသုတ်၊ ဗောဇ္ဈင်္ဂသုတ်နှင့် မဟာသမယ သုတ်တော်များကို အန္တရာယ်ကင်းဝေးစေရေး တစ်ချိန်တည်း တပြိုင်တည်း လှည့်လည် ရွတ်ဖတ်ပူဇော်ကြမည် ဖြစ်ကြောင်း သိရသည်။

 

ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်သံဃာ့နာယကအဖွဲ့၀င် ဆရာတော်ကြီးများ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး၀င်းအောင်၊ မြို့နယ်သာသနာရေး ဦးစီးမှူး ဦးစိုးထွန်းအောင် နှင့် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

 

အိအိအောင်(ချောင်းဦး)

mdn