ချောင်းဦး   ၈   နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တွင် ယနေ့နံနက် ၆ နာရီမှ စတင်ပြီး မဲရုံများဖွင့်လှစ်ကာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအား စတင်ကျင်းပခဲ့သည်။

မဲရုံအဖွဲ့ဝင်များ၊ ပါတီကိုယ်စားလှယ်များ၊ လေ့လာစောင့်ကြည့်သူများ၊ ဆန္ဒမဲလာပေးသူ ပြည်သူများရှေ့တွင် ဆန္ဒမဲပုံးအား ဖွင့်လှစ်ပြသပေး၍ အများရှေ့တွင် ချိတ်ကြိုးပိတ်ပြီးနောက် ပြည်သူများ ဆန္ဒမဲ စတင်ပေးစေရန် စီစဉ်ပေးခဲ့သည်။

ဆန္ဒမဲလာပေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန လမ်းညွှန်ချက်များအတိုင်း အပူချိန်တိုင်းခြင်း၊ လက်ဆေးခြင်း၊ နှာခေါင်းစည်းများပေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှ ဆန္ဒမဲပြုနိုင်ရန် ဆောင်ရွက်ခဲ့ကြသည်။

ချောင်းဦးမြို့နယ်တွင် ဆန္ဒမဲပေးမည့်ပြည်သူ စုစုပေါင်း (၈၈၇၃၀)ဦး ရှိပြီး မဲရုံပေါင်း (၈၆)ရုံ ရှိကာ ယနေ့ နံနက် (၆)နာရီအချိန်မှ စတင်၍ ညနေ(၄)နာရီအထိ စိတ်အေးချမ်းလွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)