ချောင်းဦး ၁၄ စက်တင်ဘာ
    

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ရွှေကူကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဝင် အသင်းသားများအား မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ အတိုးအရင်းများ စတုတ္ထအကြိမ် ထုတ်ချေးပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ရွာသစ်ကျေးရွာ ဓမ္မာရုံကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 
    

ရှေးဦးစွာ ချောင်းဦးမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းနှင့်  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသက်လင်းတို့မှ အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဒေါ်ခင်စိုးဝင်းက မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ရေရှည်အကျိုးဖြစ်ထွန်းစေရန် စီမံကိန်းဝင်အသင်းသားများအနေဖြင့် ယခုထုတ်ချေးပေးသည့် စီမံကိန်းရန်ပုံငွေများကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစွာ သုံးစွဲလုပ်ကိုင်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

    
ဆက်လက်ပြီး ချောင်းဦးမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ရွာသစ်ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် အသင်းသား၊ အသင်းသူ(၁၃၃)ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ စတုတ္ထအကြိမ် အတိုးအရင်း ငွေကျပ် ၄၁၅၀ဝ၀ဝဝ ကို အသင်းဝင်များထံ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

    
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီအဖွဲ့ဝင် ဒေါ်ခင်စန်းရင်က ရွာသစ်ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်ပေးကြသည့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    
စတုတ္ထအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာရန်ပုံငွေ အတိုးအရင်းများ ထုတ်ချေးပေးရာသို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း၊ ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသက်လင်း၊ ချောင်းဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်းနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ရွာသစ်ကျေးရွာ မြစိမ်းရောင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


အိအိအောင်(ချောင်းဦး)