ချောင်းဦး ၉ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အရေးကြီးသည့် ကာလအတွင်း ပြစ်မှုဆိုင်ရာကျင့်ထုံးဉပဒေ ပုဒ်မ၊ ၁၄၄ အရ ညမထွက်ရအမိန့် ထုတ်ပြန်သည့်ရက်မှ မေလ(၈)ရက်ထိ ဉပဒေကို မလိုက်နာသူ(၁၆)ဦးအား အရေးယူထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကာလအတွင်း ပြည်သူများအား မလိုအပ်ဘဲ အပြင်သွားလာမှု မရှိစေရေးနှင့် မှုခင်းဖြစ်ပွားမှုများ လျော့နည်းကျဆင်းရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းအောင်၏ ဦးဆောင်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ ပူးပေါင်း၍ လှည့်ကင်းများ ဆောင်ရွက်လျှက်ရှိရာ ဧပြီလ (၂၁)ရက် ည ၁၁ နာရီ ၁၅ မိနစ်က ငါးယှန်ကျေးရွာတွင် အင်းမကျေးရွာမှ (၁)ဦး၊ မေလ(၃)ရက်ည ၁၁ နာရီခွဲတွင် တမာမြိုင်ရပ်ကွက်တွင် ကင်မွန်းတော် ကျေးရွာနှင့် မုံရွာမြို့မှ (၂)ဦး၊ မေလ(၅)ရက် ည ၁၁ နာရီ ၄၅ မိနစ်က ခင်မွန်ကျေးရွာတွင် မုံရွာမြို့နှင့် ကင်မွန်းတော်ကျေးရွာမှ (၂)ဦး၊ မေလ(၆)ရက်၊ ည(၁၂)နာရီ အချိန်ခန့်က ခင်မွန်ကျေးရွာတွင် ချောင်းဉီးမြို့၊ ရန်အောင်မြေရပ်ကွက်၊ တမာမြိုင်ရပ်ကွက်နှင့် ဘူတာကျေးရွာတို့မှ (၆)ဦး၊ ငါးယှန် ကျေးရွာတွင် ည(၁၁)နာရီခွဲအချိန်ခန့်က ဘူတာကျေးရွာ၊ အောင်ချမ်းသာကျေးရွာနှင့် မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တို့မှ (၅)ဦး ၊ ညမထွက်ရသည့် သတ်မှတ်အချိန်အတွင်း အကြောင်းမဲ့ ရောက်ရှိနေသူ စုစုပေါင်း(၁၆)ဦးအား မြို့မရဲစခန်းမှ ဖမ်းဆီးအရေးယူခဲ့သည်။
အဆိုပါ ညမထွက်ရအမိန့် မလိုက်နာသူ (၁၆)ဦးအနက်မှ (၁၄)ဦးအား ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရ အလုပ်နှင့် ထောင်ဒဏ်(၃)လစီကို လည်းကောင်း ၊ ကျန်(၂)ဦးအား ကလေးသူငယ်တရားရုံး ကလေးသူငယ်မှုဖြင့် စစ်ဆေးခဲ့ပြီး ဒဏ်ငွေ(၁)သိန်းကျပ်စီကို လည်းကောင်း၊ ချောင်းဦးမြို့နယ် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ယမင်း (ရွှေဦးမြေ)