ချောင်းဦး ၁၂ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အတွက် ထောက်ပံ့ပေးသည့် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်နီများ ပေးအပ်ပွဲ အခမ်းအနားကို ဧပြီ ၁၂ ရက်၊ နံနက် ၉ နာရီ အချိန်က ချောင်းဦးမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးအောင်ဘော်တို့က အမှာစကား ပြောကြားသည်။
ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် တာဝန်ရှိသူများက ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၂)အုပ်စုရှိ အိမ်ထောင်စုပေါင်း (၁၃၁၅၄)ဦးတို့အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြစ်သည့် ဆန် (၄၃၈၅)အိတ်၊ ဆီ (၆၆၀၀)ပိဿာ၊ ဆား (၁၆၇၅) ပိဿာ၊ ပဲ (၁၃၁၅၄)ပိဿာနှင့် ကြက်သွန်နီ (၁၃၁၅၄)ပိဿာများကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြပါသည်။
ချောင်းဦးမြို့နယ်အနေဖြင့် ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများသို့ အခြေခံစားသောက်ကုန်ပစ္စည်းများကို ဖြန့်ဝေပေးခြင်းကို ဧပြီလ (၁၁)ရက်နေ့မှ (၁၃)ရက်နေ့အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ နှင့်အဖွဲ့၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များမှ အိမ်ထောင်စုပေါင်း (၁၃၁၅၄)သို့ အိမ်တိုင်ရာရောက် လက်ရောက် ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ယမင်း (ရွှေဦးမြေ)


