ချောင်းဦး ၁၁ မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သော အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ယိုမျိုးစုံနှင့် မုန့်ဖုတ်နည်း သင်တန်း ဖွင့်ပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်သည်။    

 

သင်တန်းဖွင့်ပွဲတွင် ချောင်းဦးမြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမောင်မောင်မျိုးခိုင်က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်းက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။

 

455

 

ထို့နောက် မုန့်ဖုတ်နည်းသင်တန်း နည်းပြဆရာမ ချောင်းဦးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာမျိုးမျိုးကြည်က မုန့်ဖုတ်သင်တန်း နှင့်ပတ်သက်၍လည်းကောင်း၊ ယိုမျိုးစုံပြုလုပ်နည်း သင်တန်းနည်းပြ ဆရာမ မုံရွာမြို့ အစိုးရရက်ကန်းကျောင်းမှ လက်ထောက် အင်ဂျင်နီယာ ဒေါ်ဖြိုးပပကျော်က ယိုမျိုးစုံသင်တန်းနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။

 

ယနေ့ဖွင့်လှစ်သော သင်တန်းတွင် ယိုမျိုးစုံပြုလုပ်နည်း၊ ဂျယ်လီ အမျိုးမျိုးပြုလုပ်နည်း၊ ဖျော်ရည်ပြုလုပ်နည်းများ၊ အခြေခံ မုန့်ဖုတ်နည်း (၁၅)မျိုးတို့ကို သင်ကြားပေးမည်ဖြစ်ပြီး သင်တန်း နည်းပြများအဖြစ် ချောင်းဦးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာ မျိုးမျိုးကြည်၊ မုံရွာမြို့ အစိုးရရက်ကန်းကျောင်းမှ ဒေါ်ဖြိုးပပကျော် (လက်ထောက်အင်ဂျင်နီယာ )၊ ဒေါ်နီလာခိုင် (စက်မှုကျွမ်းကျင်-၄) နှင့် ဒေါ်လှန့်စန်းကျိမ် (ဒုတိယနည်းပြ)တို့က သင်ကြားပေးမည် ဖြစ်သည်။

 

သင်တန်းသို့ ချောင်းဦးမြို့နယ်အတွင်းရှိ မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် VDP စီမံကိန်းကျေးရွာများမှ သင်တန်းသူ (၁၅)ဦး တက်ရောက်ကြကာ သင်တန်းကာလမှာ မတ် (၁၁)ရက်မှ (၂၅)ရက်ထိ (၁၅)ရက်ကြာ သင်တန်း ဖွင့်လှစ်ပို့ချမည် ဖြစ်ကြောင်း သိရသည်။

 

ယမင်း (ရွှေဦးမြေ)