ချောင်းဦး ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ မွေးကင်းစမှ အသက် ၁ နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ထိုးပေးနေကြဖြစ်သည့် တိုးချဲ့ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စစ်ဆေး၍ မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးရာ လာရောက်ထိုးနှံသူ များပြားခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့တွင် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယခုနှစ် နှစ်ဦးပိုင်း ဇန်နဝါရီလ ၂၀ ရက်နေ့မှ စတင်ပြီး မြို့နယ်ဆရာဝန် ဒေါက်တာကျော်နိုင်နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန သားဖွား ဆရာမများ၊ ကြီးကြပ်-၂များမှ ထိုးနှံပေးနိုင်ရေး ဆောင်ရွက်ခဲ့သည်။ နောက်ပိုင်းလများတွင် လစဥ် လဆန်း ၇ ရက်နေ့တိုင်း ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် စုရပ်ပြုလုပ်ပြီး ထိုးနှံပေးခဲ့ရာ တလထက်တလ လူသိများလာပြီး ကျေးရွာအုပ်စုများမှ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များ များပြားစွာ လာရောက် ထိုးနှံကြကြောင်း သိရသည်။
ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ဝက်သက် ဂျိုက်သိုး၊ ငါးမျိုးစပ် ကာကွယ် ဆေးများကို ယမန်နေ့ နံနက်ပိုင်းက ကလေးငယ် ၄၃၂ ဦး ထိုးနှံပေးခဲ့ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင် ၁၀၇ ဦးကို ကျန်းမာရေးစစ်ဆေး၍ ကိုယ်ဝန်ဆောင် အားဆေးပေးပြီး မေးခိုင် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်နိုင် ပြောကြားချက် အရ သိရသည်။
ချောင်းဦးမြို့တွင် မွေးကင်းစမှ ၁ နှစ်ခွဲ အရွယ်ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ထိုးနှံပေးနေသည့် ကာကွယ်ဆေးထိုးလုပ်ငန်းကို ယခုလမှ စတင်၍ ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် လစဥ် လဆန်း၇ ရက်နေ့အပြင် တတိယပတ်အစ ၂၁ရက်နေ့တွင်လည်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ မွေးကင်းစမှ ၁နှစ်ခွဲ အထိဆိုသော်လည်း ၅နှစ်သားအထိ ကာကွယ်ဆေးမထိုးနှံရသေးသည့် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းမြင့်အောင် (ပြန်ဆက်)