မကွေး၊ ၄ ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ပြည်တော်သာနယ်မြေ၊ မြို့ဦး သူဌေးကုန်းရပ်ကွက်တွင် ယနေ့ ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းက ချောတိုင်တက်ပွဲ ကျင်းပသည်။

ရပ်ကွက်နေ အလှူရှင်များနှင့် လူငယ်များက ဦးဆောင်၍ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားလှုပ်ရှားမူ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အခက်တစ်ခုကို စုပေါင်းအားနဲ့ ရင်ဆိုင်ကျော်ဖြတ်ပြီး ပန်းတိုင်အရောက် တက်ရတဲ့ပွဲကို လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပတာ အလွန်အဓိပ္ပါယ်ရှိပါတယ်။ တစ်ဦးနဲ့တစ်ဦး ယုံကြည်အားကိုးမှု၊ အပြန်အလှန်ထောက်ပံ့မှုရဲ့ ပြယုဂ်တွေပါသလို စုပေါင်းလုပ်နိုင်မှ အောင်ပွဲရမယ်ဆိုတဲ့ message က အရမ်းလှပါတယ် ဟု မကွေးဒေသခံ ကိုဌေးလွင်က ပြောသည်။

ချောတိုင်တက်ပြိုင်ပွဲဝင် အဖွဲ့ပေါင်း(၂၀) ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး အောင်လံရအဖွဲ့များကို ဆုကြေးငွေတစ်သောင်းကျပ်စီနှင့် အမှတ်တရပစ္စည်းများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းအားကစားကွင်း၌လည်း လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းက ကျင်းပခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဂုဏ်ပြုတပ်ဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်အလေးပြုခဲ့ကြကြောင်း သိရသည်။

ဇေယျတု(မကွေး)