ခေါဇာ  ၁၆  သြဂုတ် 


မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့တွင် သြဂုတ်လပထမပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေတိုက်စားမှုကြောင့် မြေပြိုခြင်းများဖြစ်ပေါ်ခဲ့သည်။ အဆိုပါမြေပြိုမှုများကြောင့် ခေါဇာ-မကျီးလမ်းပိုင်းတွင် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ပြီး မကျီးကျေးရွာတွင်လည်း မြေပြိုမှုကြောင့် နေအိမ်နှစ်လုံးပျက်စီးပြီး ကွမ်းသီးခြံတွင်အိပ်နေသော လင်မယားနှစ်ယောက်အနက် အမျိုးသားဖြစ်သူ သေဆုံး၍ ဇနီးဖြစ်သူ ဖူးယောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ရေးဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး နေအိမ်ပျက်စီးသွားသော မိသားစုများကနီးစပ်ရာ ဆွေမျိုးအိမ်များတွင် ယာယီနေထိုင်လျက်ရှိသည်။


ယခုအခါ ခေါဇာ-မကျီးလမ်းပိုင်းအား ဖယ်ရှားရှင်းလင်းပြီး၍ သြဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ပြန်လည်သွားလာနိုင်နေပြီဖြစ်ရာ မကျီးကျေးရွာမြေပြိုမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသွားသော အိမ်ထောင်စုများထံသို့ ရပ်နီးရပ်ဝေးမှ ဆရာတော် သံဃာတော်များနှင့် စေတနာရှင် အလှူရှင်များက အလှူငွေနှင့် ဆန်၊ ဆီ၊ ရေသန့်၊ ငါးသေတ္တာ၊ အာလူးစသည့် စားသောက် ကုန်များကို နေ့စဉ်လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။


ညီညီချမ်း(ပြန်/ဆက်)