နေပြည်တော် နိုဝင်ဘာ ၁၂

 

မွန်ပြည်နယ်သည် နှစ်စဉ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားသည့် ပြည်နယ် တစ်ခုဖြစ်သည်နှင့်အညီ ပြည်နယ်၏ အခြေခံပညာရေးကဏ္ဍ အရည်အ​သွေး တိုးတက်မြင့်မား​ရေးကို အထူးအ​လေး​ပေး ​ဆောင်ရွက်လျက်ရှိ​ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း က ပြောကြား သည်။

 

ယနေ့ နံနက်ပိုင်းက ​မော်လမြိုင်မြို့ အမှတ် (၆) အ​ခြေခံပညာအထက်​ကျောင်း၊ ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ အ​ခြေခံပညာအထက်တန်း သိပ္ပံဘာသာရပ်များ အတွက် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်း (ပြည်နယ်အဆင့်) သင်တန်းဖွင့်ပွဲအခမ်းအနားတွင်  ပြည်နယ်ဝန်ကြီးချုပ်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထိုနောက် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန် က သင်ထောက်ကူ ပစ္စည်းများ လက်တွေ့အသုံးချ၍ စာ​တွေ့၊ လက်​တွေ့ သင်ကြားပို့ချ​ပေးနိုင်​ရေး ​ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်နယ်ပညာရေးမှူး ဒေါက်တာ ချိုချိုမြတ်အောင်က သင်တန်းရေးရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်  သင်တန်းသား သင်တန်း သူများအား ချီးမြှင့်​ထောက်ပံ့​ငွေများ ​ပေးအပ်ခဲ့ပြီး  ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ သင်ထောက်ကူပစ္စည်းများဖြင့် လက်​တွေ့သရုပ်ပြ သင်ကြားပြသ​နေမှုကို ကြည့်ရှုအား​ပေးခဲ့ကြောင်း သိရသည်။

 

ထို့အတူ ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ် ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဇင်းကျိုက်ရပ်ကွက်၌ နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့သည့် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ဇင်းကျိုက်မြို့၊ ညောင်ကျောင်း ဘုန်း​​တော်​ကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ထောက်ပံ့ငွေပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် မီးလောင်ကျွမ်းပျက်စီး ခဲ့သည့် နေအိမ်(၈) လုံးမှ ထိခိုက်ဆုံးရှုံးခဲ့ရသည့် အိမ်ထောင်စုများနှင့် သေသုံးသူ (၄)ဦး၏ မိသားစုဝင် များအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် (၅၆) သိန်း၊ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုးနှင့် ထောက်ပံ့ငွေကျပ် (၂၈၆၃၀၀၀)ကို လည်းကောင်း၊ ပြည်နယ်ပညာရေးမှူးရုံး၊ ပြည်နယ်ကြက်ခြနီအဖွဲ့နှင့် World Vision အဖွဲ့တို့မှ ထောက်ပံ့ရေးပစ္စည်းများ၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို လည်းကောင်း ထောက်ပံ့ပေး အပ်ခဲ့ရာ မီးဘေးသင့်ပြည်သူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မီးဘေးသင့်ပြည်သူများကို လိုက်လံအားပေးစကား ပြောကြား ခဲ့ပြီး မီးလောင်ကျွမ်းပျက်စီးခဲ့မှု အခြေအနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ ပြည်နယ်အားကစား ခန်းမ၌ ပြုလုပ်သည့်   ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အလွတ်တန်း အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို  တက်ရောက်ပြီး မော်လမြိုင်မြို့နယ် ဘောလီဘောအသင်းနှင့် ချောင်းဆုံမြို့နယ် ဘောလီဘောအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို  ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)