နေပြည်တော် ၈  ဖေဖော်ဝါရီ 

ခွေးရူးပြန်ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့် ဗဟိုအဆင့်ဆေးရုံများသို့ ဖြန့်ဖြူး၍ ခွေးကိုက်လူနာများကို အခမဲ့ထိုးနှံပေးလျက်ရှိသည့်အတွက် ၂၀၁၁ ခုနှစ်ပိုင်းတွင် ခွေးရူးပြန် ရောဂါကြောင့် သေဆုံးသူ လူနာ ဦးရေ (၂၄၅)ဦးခန့်ရှိခဲ့ရာမှ ၂၀၁၇ခုနှစ်တွင် ၇၈ ဦးနှင့် ၂၀၁၈ခုနှစ်တွင် ၇၀ ဦးအထိလျော့ကျလာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန စီမံခန့်ခွဲမှုအထောက်အကူပြု ကျန်းမာရေးသတင်းစနစ်၏ စာရင်းများအရ သိရသည်။

ခွေးကိုက်လူနာများကို ထိုကဲ့သို့ အခမဲ့ထိုးနှံပေးရာတွင် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး (Anti-Rabies Vaccine) ကို ၂၀၁၂ခုနှစ်တွင် လည်းကောင်း၊ ခွေးရူးပြန်ရောဂါ ကာကွယ်သည့် ပဋိပစ္စည်းများ(Rabies Immunoglobulin) များကို ၂၀၁၄ ခုနှစ်တွင်လည်းကောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စတင်ကာအခမဲ့ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ ပေးပို့လာသည့် စာရင်းဇယားများအရ မြန်မာတစ်နိုင်ငံလုံးတွင် ခွေးကိုက်ခံရသူလူနာဦးရေသည် ၂၀၁၇ ခုနှစ်တွင် ၁၈၀,၃၆၇ ဦးခန့်နှင့် ၂၀၁၈ ခုနှစ်တွင် ၁၉၂,၆၁၉ကျော်ခန့်ရှိကြောင်း သိရသည်။ 

“စာရင်းဇယားတွေအရ နှစ်အလိုက် ကျန်းမာရေးဌာနတွေကို လာရောက်ကုသမှုခံယူကြတဲ့ ခွေးကိုက် လူနာဦးရေဟာ တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာပေမယ့် စီမံခန့်ခွဲမှုအထောက်အကူပြု ကျန်းမာရေး သတင်းစနစ်ရဲ့ စာရင်းတွေအရ ခွေးရူးပြန်ရောဂါနဲ့ သေဆုံးသူလူနာဦးရေဟာ ၂၀၁၁ ခုနှစ်မှာ (၂၄၅)ဦး၊ ၂၀၁၂ ခုနှစ်မှာ (၁၈၆)ဦး၊ ၂၀၁၃ ခုနှစ်မှာ (၁၉၄)ဦး၊ ၂၀၁၄ ခုနှစ်မှာ (၁၅၂)ဦး၊ ၂၀၁၅ ခုနှစ်မှာ (၉၈)ဦး၊ ၂၀၁၆ ခုနှစ်မှာ (၉၉)ဦး၊ ၂၀၁၇ ခုနှစ်မှာ (၇၈)ဦးနဲ့ ၂၀၁၈ ခုနှစ်မှာ (၇၀)ဦး သေဆုံးမှုရှိခဲ့တဲ့အတွက် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူဦးရေဟာ နှစ်အလိုက်လျော့ကျ လာပါတယ်။

“ဒီလိုထိုးနှံပေးရာမှာလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားတဲ့ ထိတွေ့မှု အဆင့်တွေ(Category of Exposure) အတိုင်းထိုးနှံနိုင်ဖို့အတွက် Guideline တွေ၊ Standard Operating Procedure (SOP) တွေပြုစုပြီးတော့ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွေ၊ ဗဟိုအဆင့်ဆေးရုံကြီးတွေအပြင် သက်ဆိုင်ရာမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွေ၊ မြို့နယ် ဆေးရုံတွေနဲ့ တိုက်နယ်ဆေးရုံတွေအထိဖြန့်ဝေထားပါတယ်။ ဒီ Guideline နဲ့ SOP တွေအတိုင်း လိုက်နာဆောင်ရွက်ပေးဖို့လည်း ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်” ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး(ကူးစက်) ဒေါက်တာထွန်းတင်ကပြောကြားသည်။

ယခုကဲ့သို့ ဖြန့်ဖြူးပေးလျက်ရှိသောခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများနှင့် ခွေးရူးပြန်ရောဂါ ကာကွယ်သည့် ပဋိပစ္စည်းများကိုအဓိကအားဖြင့် ခွေးကိုက်ခံရပြီးနောက် ကာကွယ်ကုသခြင်းအတွက်သာ ပံ့ပိုးပေး လျက်ရှိပြီး တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့် ဗဟိုအဆင့်ဆေးရုံကြီးများသို့  တစ်နှစ်လျှင် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးအလုံးရေ ၄၀ဝ၀ဝ၀ ဝန်းကျင်နှင့် ခွေးရူးပြန်ရောဂါ ကာကွယ်သည့် ပဋိပစ္စည်း အလုံးရေ ၃၀ဝ၀ဝ ခန့်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဝယ်ယူ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။    

“လူတစ်ယောက် ခွေးကိုက်ခံရပြီးဆိုရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေထုတ်ပြန်ထားတဲ့ ထိတွေ့မှုအဆင့် တွေအပေါ်မူတည်ပြီးအသုံးပြုမယ်ဆိုရင် လူနာတစ်ဦးကိုအနည်းဆုံးကုန်ကျငွေကျပ် ၂၄၀ဝ၀ ကနေ ၁၁၄၀ဝ၀ ခန့်အထိ ကုန်ကျနိုင်ပါတယ်” ဟု ညွှန်ကြားရေးမှူး(ကူးစက်)  ဒေါက်တာထွန်းတင်က ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ချမှတ်ထားသော (၂၀၃၀) ခုနှစ်တွင် ခွေးရူးပြန် ရောဂါပပျောက်ရေး ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်၊ မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်များတွင် ခွေးများအား ခွေးရူးပြန်ရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်းကို One Health  Strategy အနေဖြင့် ဆောင်ရွက်လျက်ရှိရာ ပါဝင်လုပ်ဆောင်ကြသော မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများကို လိုအပ်သောကြိုတင်ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပူးပေါင်းတာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ထို့ပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ၂၀၃၀ ခုနှစ်တွင် ခွေးရူးပြန်ရောဂါ ပပျောက်နိုင်ရေးအတွက် One Health Approach လုပ်ဆောင်နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနတို့နှင့် ပူးပေါင်းကာ National One Health Strategic Framework (မူကြမ်း)ကို ရေးဆွဲနိုင်ခဲ့ပြီး အပြီးသတ်အတည်ပြုနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ရှင်မင်း