၂၆ မေ

ခေါက်နိုင်သည့်စမတ်ဖုန်းများထုတ်လုပ်ရန် နာမည်ကျော်စမတ်ဖုန်းထုတ်လုပ်သည့် လုပ်ငန်းများမှ စမ်းသပ်ဖန်တီးနေလျက်ရှိကြရာ Samsung အမှတ်တံဆိပ်သည် ပုံကြမ်းနှင့် ရုပ်သံသတင်းများအစောဆုံး ထွက်ပေါ်လာ ခဲ့ပြီး ယခုအခါ Huawei မှ ၎င်းထက်စောစွာမိတ်ဆက်ပေးနိုင်ရန် တရုတ်နိုင်ငံအခြေစိုက် Display ကုမ္ပဏီတစ်ခုဖြစ်သော BOE နှင့် ပူးပေါင်းဖန်တီးလျက်ရှိနေပြီဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံသတင်းဌာန တစ်ခုမှ ဖော်ပြခဲ့သည်။

Huawei သည် ၎င်း၏ နောက်ဆုံးထုတ်စမတ်ဖုန်းဖြစ်သော P20 Series စမတ်ဖုန်းများ ဈေးကွက်အတွင်း အောင်မြင်မှု များစွာရရှိခဲ့ပြီး စမတ်ဖုန်းလောကတွင် ထိပ်တန်းစမတ်ဖုန်းများနှင့် ယှဉ်ပြိုင်လာနိုင်ခဲ့ရာ ယခုကဲ့သို့ခေါက်နိုင်သည့် စမတ်ဖုန်းကို Samsung ထက်စောစွာ ယခုနှစ်နိုဝင်ဘာလတွင် မိတ်ဆက်ပေးသွား နိုင်ဖွယ်ရှိကြောင်း သိရသည်။

ခေါက်နိုင်သော မျက်နှာပြင်နှင့် စမတ်ဖုန်းများကို အဆိုပါ BOE ကုမ္ပဏီမှ လွန်ခဲ့သော၂၀ ရက်မှစတင်၍ အမေရိကန်တွင် ပြုလုပ်လျက်ရှိသည့် SID Display Week တွင် မိတ်ဆက်ပြသပေးသွားခဲ့ပြီး Huawei နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဆိုသည့် သတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Huaweiနှင့် ပူးပေါင်းထုတ်လုပ်မည့် ခေါက်နိုင်သည့်စမတ်ဖုန်းအရွယ်အစားမှာ ရှစ်လက်မ မျက်နှာပြင်အကျယ် ဖြစ်လာနိုင်ဖွယ်ရှိပြီး စမတ်ဖုန်းဈေးကွက်အတွင်း အရှိန်ပြင်းပြင်းနှင့် ခရီးနှင်လျက်ရှိနေသော Huawei အတွက် ပထမဆုံးဖန်တီးမိတ်ဆက်နိုင်မည်ဆိုပါက စမတ်ဖုန်းလောကတွင် ထိပ်တန်းအဆင့်သတ်မှတ်ချက်တစ်ခုရရှိလာနိုင်ဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်ပြောဆိုနေကြသည်။

BOE မှမိတ်ဆက်ပြသပေးခဲ့သည့် ခေါက်နိုင်သည့်မျက်နှာပြင်မှာ အကြိမ်အရေအတွက် တစ်သိန်းနီးပါးခန့် ကွေးနိုင်ဆန့်နိုင်ပြီး အချင်းဝက် တစ်မီလီမီတာခန့်အထိ ခေါက်ချိုးနိုင်ကြောင်းသိရသည်။

ခေါက်နိုင်သည့် စမတ်ဖုန်းများအတွက်မူပိုင်ခွင့်တင်ထားပြီး စမ်းသပ်ဖန်တီးနေသောစမတ်ဖုန်းလုပ်ငန်းများမှာ Huawei အပြင်Samsung၊ LG၊ Xiaomi၊ Oppo၊ ZTE နှင့်Lenovo စသည့် အမှတ်တံဆိပ်များဖြစ်ကြပြီးအမှန်တကယ် လက်တွေ့မိတ်ဆက်ပေးနိုင်ရန်အလားလာရှိသည်မှာ Huawei နှင့် Samsungအမှတ်တံဆိပ်တို့သာ ထိပ်ဆုံးမှ သတင်းကြီးလျက်ရှိနေသည်။

ဇာဏီ