လူ့သမိုင်းအစကပင် လူသည်စုပေါင်းနေထိုင်ခဲ့ကြသည်။ သန္ဓေဗီဇအရပင် လူသည် အထီးတည်းနေထိုင်ရှင်သန်သည့် သတ္တဝါမဟုတ်။ စုပေါင်းနေထိုင်တတ်သည့် သတ္တဝါဖြစ်သည်။ စုပေါင်းနေထိုင်ခြင်းဖြင့်သာ အန္တရာယ်ကို ရင်ဆိုင်ကာကွယ်နိုင်မည်။ စုပေါင်းနေထိုင်ခြင်းဖြင့်သာ တိုးတက်ကြီးပွားအောင် ဆောင်ရွက်နိုင်မည်။ စုပေါင်းနေထိုင် ခြင်းဖြင့်သာ အဓွန့်ရှည်တည်တံ့မည်။ ဤသို့လျှင် စုပေါင်းနေထိုင်ခြင်း၊ စုစည်းညီညွတ်ခြင်းတို့မှ ရရှိလာသည့် စုပေါင်းစွမ်းအားဖြင့် လူ့အဖွဲ့အစည်းတို့ တည်တံ့ခဲ့ကြသည်။ လူ့အဖွဲ့အစည်းတို့ ဖွံ့ဖြိုးခဲ့ကြသည်။ စုပေါင်းခြင်း၊ စုစည်းခြင်းသည် အင်အားဖြစ်ပေါ်လာရေးအတွက်ဖြစ်ပြီး အစုအပေါင်း၊ အစုအစည်းပြိုကွဲသည့်အခါ အင်အားလည်း ပြိုကွဲပြီး ထိုလူ့အဖွဲ့အစည်းသည်လည်း ပျက်စီးရသည်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီးသည့်နောက်တွင် ကမ္ဘာပေါ်ရှိ အင်ပါယာများလည်း တစ်ခုပြီးတစ်ခု ပြိုကွဲသွား သည်။ ဂျာမန်၊ ပြင်သစ်၊ ဒတ်ချ်၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ ဂျပန်တို့ သိမ်းပိုက်ခဲ့သည့် ကိုလိုနီနိုင်ငံများကို လက်လွှတ်ခဲ့ရသလို တစ်ချိန်က နေမဝင်အင်ပါယာဟု တင်စားခေါ်ဝေါ်ခဲ့သည့် ဗြိတိသျှအင်ပါယာမှာလည်း နေဝင်စ အချိန်အခါသို့ ရောက်ခဲ့သည်။ ဗြိတိန်နှင့် အမေရိကန်တို့ ၁၉၄၁ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် အတ္တလန္တိတ်ချာတာခေါ် စာချုပ်အရ ဗြိတိန်အနေဖြင့် ကိုလိုနီနယ်များကို လက်လွှတ်ရမည်ဖြစ်သော်လည်း အိန္ဒိယနှင့် မြန်မာတို့မပါကြောင်း လေသံလွှင့်ခဲ့သလို မဖြစ်မနေ လွတ်လပ်ရေးပေးရတော့မည့် အခြေအနေသို့ ရောက်ရှိလာသည့် အချိန်တွင်လည်း အိန္ဒိယကို ဘာသာရေးအရခွဲခြားကာ အိန္ဒိယနှင့် ပါကစ္စတန် (အနောက်နှင့်အရှေ့)တို့အဖြစ် ခွဲပေးခဲ့သည်။ မြန်မာ နိုင်ငံကိုလည်း တောင်တန်းဒေသများအား ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် မထိုက်တန်သေးကြောင်းနှင့် ကာကွယ်ရေး အတွက် လိုအပ်ချက်အရဟူသော အကြောင်းပြချက်များဖြင့် ပြည်မနှင့်အတူတူ လွတ်လပ်ရေးမပေးဘဲ ချန်လှပ်ထားရန် ကြိုးပမ်းခဲ့သည်။ ထို့အပြင် လူမျိုးရေးအရလည်း သံသယများဝင်ရန် ခွဲခြားရန်တိုက်မှုကို နှစ်ရှည်လများစွာပင် စနစ်တကျ ဆောင်ရွက်ခဲ့ကြသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းသည့်အခါ တောင်တန်းဒေသများပါ တစ်ပြိုင်တည်း လွတ်လပ်ရေးရယူနိုင်ရန်၊ နယ်ချဲ့တို့ သွေးခွဲခြေထိုးမှုကြောင့် ဖြစ်ပေါ်လာသည့် သံသယများ ပျောက်ကွယ်ရန်၊ ညီညီညွတ်ညွတ် စုပေါင်းနေထိုင်ရန်အတွက် ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရပြီးမှ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၊ တိုးတက်သည့် တိုင်းရင်းသားလူငယ်များနှင့် နားလည်ယုံကြည်မှုရကာ ထိုခေတ်တိုင်းရင်းသား ပြည်သူများ၏ တစ်ခဲနက်ထောက်ခံမှုဖြင့် စည်းလုံးညီညွတ်မှုကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် ည ပင်လုံမြို့စော်ဘွားများ ထမင်းစားပွဲတွင် မိန့်ခွန်းပြောကြားရာ၌ “ယခုခေတ်ကမ္ဘာကြီး၏ အခြေမှာ ဘယ်တိုင်းပြည်မဆို ကိုယ့်တိုင်းပြည်တစ်ပြည်တည်း အထီးတည်းနေနိုင်တဲ့အခြေမျိုး မရနိုင်ဘူး။ တစ်ပြည်နဲ့ တစ်ပြည် ပေါင်းစပ်အမှီသဟဲရှိမှ နေနိုင်ကြမယ်”
“လူမျိုးရေးဆိုတာမှာလည်း ရှေးခေတ်က ဟစ်အော်လာကြတဲ့ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာဆိုတဲ့ စကားမျိုးကို လက်သုံးပြုလို့ မလုံလောက်တော့ဘူး။ အမျိုးဆိုရာမှာ ဘယ်လိုအမျိုးကိုတည်ရမလဲ။ ဗမာ၊ ကရင်၊ ကချင်၊ ချင်းနဲ့ အခြားအမျိုးများလည်း ရှိသေးတယ်။ တခြားနိုင်ငံများကို ကြည့်လိုက်ရင် ဗမာပြည်မှာလို တိုင်းရင်းသား လူမျိုး အများရှိတာကို တွေ့နိုင်ပါတယ်။ တရုတ်ပြည်၊ ဂျပန်ပြည်နဲ့ ရုရှားပြည်တို့မှာလည်း သည်အတိုင်းပဲ၊ အမေရိကန် ပြည်မှာလည်း၊ အင်္ဂလိပ်စကားကို ပြောကြသော်လည်း အင်္ဂလိပ်၊ အီတလီ စတဲ့ လူအမျိုးမျိုးတို့ စုပေါင်းပြီး လူမျိုးတစ်မျိုးဖြစ်အောင် ထူထောင်ပြီး သူတို့ကိုယ်ကို အမေရိကန်လို့ ဆိုကြတာပဲ” ဆိုသည့်အချက်များကို ထည့်သွင်းပြောကြားခဲ့ရာ တိုင်းရင်းသားများ စုပေါင်းအားဖြင့် နိုင်ငံတည်ထောင်ရန် ရည်မှန်းခဲ့ခြင်းဖြစ်သည်ကို အထင်အရှားတွေ့နိုင်သည်။
လွတ်လပ်ရေးအကြိုကာလ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့သည့် အစိုးရအဖွဲ့တွင် တိုင်းရင်းသားလူမျိုးဝန်ကြီးများ ပါဝင်ခဲ့သလို မန်းဘခိုင်နှင့် မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်းတို့မှာ ဗိုလ်ချုပ်နှင့်အတူ ကျဆုံးခဲ့ကြရသည့် တိုင်းရင်းသား ခေါင်းဆောင်အာဇာနည်ကြီးများ ဖြစ်ကြသည်။ ပစ္စုပ္ပန်ကာလ မိမိတို့ လျှောက်လှမ်းနေကြသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးခရီးတွင် ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့်အတိုင်း သံသယ ကင်းစွာ စည်းလုံးညီညွတ်စွာဖြင့် ပန်းတိုင်အရောက် လျှောက်လှမ်းနိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း