၁၉  မတ်

 

နိုင်ငံများမှာ ပြည်သူတို့က လေးစားခန့်ညားသည့် ခေါင်းဆောင်များရှိ၏။ ဘာသာရေးခေါင်းဆောင်များ၊ တိုင်းရင်းသား လူမျိုးစုရေးရာ ခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ စီးပွားရေးဦးဆောင်မှုအခန်းကဏ္ဍက ခေါင်းဆောင်များ၊ အလုပ်သမား လယ်သမားအစရှိသည့် လူထုလူတန်းစားအဖွဲ့အစည်းဆိုင်ရာ ခေါင်းဆောင်များ။

 

မည်သို့သော နယ်ပယ်ကဏ္ဍများက ခေါင်းဆောင်ဖြစ်စေ၊ ဆက်စပ်ရာနယ်ပယ်ကဏ္ဍက လူအများ၏ လေးစားချစ်ခင်မှု ကြည်ညိုခန့်ညားမှုရှိရေးက အခရာဖြစ်ပါမည်။

 

လူမျိုးဘာသာမခွဲ၊ အလုပ်လုပ်ကိုင်သည့် မည်သို့သော အတန်းအစားမှမခွဲ၊ ဆင်းရဲချမ်းသာမခွဲ အဖုံဖုံသော ပြည်သူလူထု၏ အားပေးထောက်ခံမှု လိုအပ်သည်ကား နိုင်ငံရေးခေါင်းဆောင်များ ဖြစ်ပါသည်။

 

နိုင်ငံရေးခေါင်းဆောင်တစ်ဦး၏ အောင်မြင်မှုသည် ပြည်သူလူထု၏ ထောက်ခံမှုပေါ်တွင် လုံးလုံးလျားလျား တည်ပါသည်။ ပြည်သူလူထုသည်ခေါင်းဆောင်၏ ဦးဆောင်မှု၊ ခေါင်းဆောင်၏ လက်တွေ့ဆောင်ရွက်နေမှု၊ ခေါင်းဆောင်၏ ရေရှည်မြော်မြင်ဉာဏ်ကို ကောင်းကောင်း အကဲခတ်နိုင်သူ၊ မှန်မှန်ကန်ကန် အကဲဖြတ်နိုင်သူများ ဖြစ်ပါသည်။

 

ထို့ကြောင့်ပင် နိုင်ငံရေးခေါင်းဆောင် အစစ်အမှန်တို့သည် ပြည်သူနှင့်တစ်သားတည်း နေလိုကြသည်။ ပြည်သူတို့၏ အစစ်အမှန်ဖြစ်သော ခံစားချက်တို့ကို စာနာနားလည်လိုကြ၏။ ပြည်သူတို့၏ ရင်တွင်းကလာသော လိုအင်ဆန္ဒ သဘောထားကို စောကြောလိုကြ၏။

 

အာဏာရှင်စနစ်များအောက်တွင် နေထိုင်ခဲ့ကြစဉ်ကာလများကို လည်ပြန်ကြည့်လျှင် များစွာသော လေ့လာစရာများ ရှိသည်ကို တွေ့ရပါမည်။ နိုင်ငံရေးခေါင်းဆောင်များကို တင်သွင်းသော လိမ်လည်လှည့်ဖြားထားသည့် သတင်းများ၊ အစီရင်ခံစာများကြောင့် တိုင်းပြည်မည်မျှလောက် နစ်နာခဲ့သည်တို့မှာ အထင်အရှားဖြစ်ပါ၏။ အောက်ခြေအဆင့်ဆင့်က အလိမ်အညာ အစီရင်ခံမှုများကိုသာ သာယာမွေ့လျော်ခဲ့သော ခေါင်းဆောင်များကို ပြည်သူတို့က မည်သို့သဘောထား ခဲ့ကြသည်ဆိုသည်ကလည်း လျှို့ဝှက်ချက် မဟုတ်ခဲ့ပါ။

 

မြန်မာနိုင်ငံက ပြည်သူ့ကိုယ်စားလှယ်အများစုဖြင့် မဏ္ဍိုင်များကိုအတော်အသင့် လွှမ်းမိုးနိုင်ခဲ့ပြီ ဖြစ်သော်လည်း နိုင်ငံအနေဖြင့် နိုင်ငံတကာတွင် ရင်ပေါင်တန်းနိုင်ရန်၊ ပြည်သူတို့၏ နေ့စဉ်ဘဝများ လုံခြုံချောမွေ့နိုင်ရန်၊ နိုင်ငံအဝန်း လွှမ်းခြုံနိုင်သည့် ဥပဒေစိုးမိုးမှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုတို့အတွက် များစွာရုန်းကန် ကြိုးစားနေရဆဲအချိန် ဖြစ်ပါသည်။

 

ထို့ကြောင့် ပြည်သူတို့၏ အားပေးထောက်ခံမှု ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ကို များစွာလိုအပ်နေချိန်ဖြစ်ပါသည်။ သည်လို အချိန်တွင် ပြည်သူတို့၏ ဆန္ဒအမှန်၊ ပြည်သူတို့၏ သဘောထား အမှန်၊ ပြည်သူတို့၏ ခံစားချက်အမှန်တို့ကို အဆင့်ဆင့်သော နိုင်ငံရေး ခေါင်းဆောင်အသီးသီးတို့က စနစ်တကျလေ့လာသင်ယူ နားလည်ကြရန် လိုမည်ဟု ထင်မြင်ပါသည်။

 

ပြည်သူတို့၏ ဘဝအမှန်များကို သိရှိနိုင်ရေးအတွက် ပြည်သူ့ကြားသို့တိုးဝင်ကြရေး၊ ပြည်သူနှင့်အတူခံစားကြရေးတို့က အရေးကြီးသည့် နိုင်ငံရေးလုပ်ငန်းစဉ်များဖြစ်သည်ဟု ယုံကြည်ပါကြောင်း တင်ပြလိုက်ရပါသည်။

 

မြန်မာ့အလင်း