၁၆ ဖေဖော်ဝါရီ
အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေးအတွက်ရင်းနှီးငွေရရှိစေရန် ချေးငွေရရှိနိုင်ရေးကို ပံ့ပိုးပေးရမည်ဟု စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် ပြည်တွင်း ပြည်ပပညာရှင်များက အကြံပြုပြောကြားလျက်ရှိပါသည်။ နိုင်ငံတော်အစိုးရသည် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ လိုအပ်လျက်ရှိသော ချေးငွေများအား ပံ့ပိုးပေးနိုင်ရေး အတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ နည်းလမ်းများအနက် ပြည်ပမှ ချေးငွေရရှိရေး ဖန်တီးပေးခြင်းသည်လည်း နည်းလမ်းတစ်သွယ်ဖြစ်ပါသည်။ ဤနည်းလမ်း ကျင့်သုံးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ချိတ်ဆက်ဆောင်ရွက်နေသည့် အဖွဲ့အစည်းများတွင် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) သည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။
ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) သည် မြန်မာနိုင်ငံ၏ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းအဆင့်(၁)ကို ဆောင်ရွက်ပြီး ဖြစ်ပါသည်။ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က စီမံကိန်း အဆင့်(၁)အတွက် ဂျပန်ယန်း ၅ ဒသမ ဝ၃၃ ဘီလီယံ (မြန်မာ ကျပ်ငွေ ၆၁ ဒသမ ၆၅၄ ဘီလီယံခန့်) ထုတ်ချေးခဲ့ပါသည်။ ဤစီမံကိန်းအဆင့် (၁)၌ ချေးငွေ ထုတ်ပေးခဲ့သော အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင် ၂၉၂ ဦးရှိသည်ဟု သိရှိရပါသည်။ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင် ခြောက်သောင်းကျော်ရှိသည်ဖြစ်၍ ချေးငွေရရှိသော လုပ်ငန်းရှင် ၂၉၂ ဦးဆိုသည်မှာ ပမာဏ မများသည်ကို သတိပြုမိမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ စီမံကိန်းအဆင့်(၂)အတွက် ချေးငွေပံ့ပိုးမှုရရှိရန် စီစဉ်ညှိနှိုင်းပြီးဖြစ်ပါသည်။ အဆိုပါ စီမံကိန်းအဆင့် (၂)အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ဂျပန်ယန်း ၁၄ ဒသမ ၉၄၉ ဘီလီယံ(မြန်မာကျပ်ငွေ ၁၈၀ဘီလီယံ) ထုတ်ချေးသွားမည် ဖြစ်ပါသည်။ ဤချေးငွေတို့သည် ပြန်ဆပ်ကာလနှစ် ၃၀၊ ဆိုင်းငံ့ကာလ ၁၀ နှစ်ဖြစ်၍ စုစုပေါင်း ချေးငွေသက်တမ်းသည် နှစ် ၄၀ ဖြစ်ပါသည်။ ချေးငွေတို့၏ အတိုးနှုန်းသည် ဝ ဒသမ ဝ၁ ရာခိုင်နှုန်းသာရှိ၍ များစွာသက်သာသကဲ့သို့ ကျသင့်အတိုးငွေကိုလည်း တစ်နှစ် နှစ်ကြိမ် ပေးခွင့်ရရှိမည်ဖြစ်ပါသည်။ အရင်းငွေ ပြန်လည်ပေးဆပ်မှုကို ဆိုင်းငံ့ကာလကျော်မှသာ တစ်နှစ် နှစ်ကြိမ်ပေးရမည်ဖြစ်ပါသည်။
ဤစီမံကိန်းအဆင့်(၂) ချေးငွေစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းအား ချေးငွေအတွက် အာမခံပစ္စည်း အပြည့်အဝမတင်ပြနိုင်သော အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို ချေးငွေအာမခံစနစ် (Credit Guarantee Insurance ) အသုံးပြု၍ ထုတ်ချေးမည်ဟူသော သတင်းသည် သတင်းကောင်းဖြစ်ပါသည်။ ဤအချက်သည် ပိုင်ဆိုင်မှုပမာဏနည်းပါးသော အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တို့အား ပံ့ပိုးမှုပေးရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။ ချေးငွေရရှိသော အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တို့အနေဖြင့် တစ်နှစ်လျှင်အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း ပေးရမည်ဖြစ်၍ နိုင်ငံတွင်း အတိုးနှုန်းသတ်မှတ်ချက်အရ သင့်တင့်သော နှုန်းထားဖြစ်ပါသည်။ လုပ်ငန်းရှင်များသို့ ထုတ်ပေးသောချေးငွေတို့၏ သက်တမ်းသည် နှစ်တို သုံးနှစ်၊ နှစ်လတ်ငါးနှစ်ဖြစ်၍ လုပ်ငန်းရှင်တို့အတွက် အခွင့်အလမ်းသာသော ချေးငွေမျိုးဖြစ်ပါသည်။ စီမံကိန်းအဆင့် (၁)အတွေ့အကြုံအပေါ်မူတည်၍ ဤစီမံကိန်းအဆင့်(၂) ချေးငွေအား နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များထံ ထုတ်ပေးနိုင်ရေးကို ဆောင်ရွက်သွားမည်ဟု သိရှိရပါသည်။ ဤကဲ့သို့သော အခွင့်အလမ်းသာသည့် ချေးငွေရရှိနိုင်ရေးအတွက် ဆောင်ရွက်ခဲ့သော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ညှိနှိုင်းကြိုးပမ်းမှုကို ကြိုဆိုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။
မြန်မာ့အလင်း