ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)

 

“ခေါင်းလောင်းသံတညံညံနဲ့…ရွာ..ကျောင်းကို..ပြေး..မြင်မိတယ်…သတိရနေတယ်..သူငယ်ချင်းရေ..” အစချီတဲ့ တွံတေးသိန်းတန်ရဲ့ တစ်ခေတ်တစ်ခါက ကျေးလက်ပညာရေး သီချင်းဟာ ကျေးလက်တောရွာတွေသာမက မြို့ကြီးပြကြီးတွေအထိ ကျယ်ပြန့်တာမို့အခုလို မေလနဲ့ ဇွန်လမှာ မြို့နယ်အလိုက်၊ အခြေခံပညာကျောင်းအလိုက် ကျောင်းအပ်နှံရေး ရက်သတ္တပတ်မှာ ကြားယောင်နေဆဲဖြစ်ပါတယ်။

 

၁၉၅၂ ခုနှစ်ကပြည်ထောင်စုတစ်ဝန်း လူမှုဘဝ မြင့်မားရေး ပြည်တော်သာ ရှစ်နှစ်စီမံကိန်း၊ ပညာရေး စီမံကိန်းတစ်ခုထဲက တစ်နိုင်ငံလုံး စာအရေး၊ အဖတ်၊ အတွက်အချက်တတ်ဖို့ကို အားထုတ်ခဲ့ရာမှာ ကျွန်တော်တို့ ရွာကျောင်းက ဆရာတော်ဦးဒီပ၊ မူလတန်းပြ ဆရာ ဦးညီပုနဲ့ သင်္ချာဆရာ ဦးစံအိ၊ ဦးကြည်တင်တို့ကို ပို၍သတိတရ ဖြစ်ရပါတယ်။ ဆရာတို့ရဲ့ မှန်၊ ကောင်း၊ သင့်ဆိုတဲ့ အနီခြစ်လေးတွေကိုလည်း မှတ်မိနေကြပါတယ်။ ဆရာတို့ရဲ့ ကျေးဇူးတရားကိုလည်း အောက်မေ့ကြရပါတယ်။ အသက်အားဖြင့် (၆၀) ကျော်၊ (၇၀) ကျော် တို့ဟာယနေ့အချိန်အခါမှာ ကိုယ်ပညာရည်နို့ သောက်စို့ခဲ့တဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတို့ကိုပြန်လည် သတိရကြသူတွေချည်း ဖြစ်ပါတယ်။ စာသင်ချိန်မစမီ နိုင်ငံတော်သီချင်း ပြိုင်တူသီဆို၊ နိုင်ငံတော်အလံကို အလေးပြုခဲ့တာတွေကိုလည်း သတိရလျက် ရှိနေပါတယ်။

 

လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း မြန်မာရပ်ရွာတွေမှာ မျက်စိသူငယ် နားသူငယ်နဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးဆီကို မျက်နှာမမူနိုင်ဖြစ်ခဲ့ကြရ ပါတယ်။ အဟန့်အတား၊ အခြောက်အလှန့်တွေကြောင့် မူလတန်းပညာကို သင်ခွင့်မရခဲ့တဲ့ ကျောင်းနေအရွယ် ကလေးသူငယ် အရေအတွက်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာအရ ကြီးမားခဲ့ပါတယ်။ ဂဏန်းမသင် လာဘ်မမြင်သူတွေ၊ စာမတတ်စာမဖတ်နိုင်သူတွေ ပေါများခဲ့ရပါတယ်။ အချိန်အခါ အသက်အရွယ်အရ သင်ယူရမယ့်ပညာရေးဟာ တစ်ခါက အဟောသိကံဖြစ်ခဲ့ရတာကို ယနေ့သင်ခန်းစာယူကြရလိမ့်မယ်။

 

ရပ်ရွာရဲ့ဥပစာ၊ မြို့ပြရဲ့ဥပစာဟာ ကျောင်း

 

လူ့အဖွဲ့အစည်းရပ်ရွာရဲ့ ဥပစာ၊ မြို့ပြရဲ့ဥပစာဟာ ကျောင်းပဲ။ ပညာရေးစနစ်၊ ပန်းတိုင်နဲ့ မျှော်မှန်းချက်တွေရှိနေပြီ။ အစီအစဉ်တွေ သင်ကြားပို့ချမယ့် ဆရာတွေရှိနေပြီ။ မြို့မိမြို့ဖ ရွာမိရွာဖတွေကလည်း ကိုယ့်ဒေသရဲ့ ဥပစာဟာ ကျောင်းဖြစ်လို့ စောင့်ရှောက်ကြရမယ်။ ပညာသင်ယူလိုသူ ကလေးသူငယ်တွေ ကျောင်းပရဝဏ်မှာ ဆရာတွေရဲ့ သင်ကြားပို့ချမှုရဖို့ ကျောင်းအပ်နှံကြရလိမ့်မယ်။ အစဉ်အလာအရ နိုင်ငံကြီးသားပီသစွာ ကျောင်းအပ်နှံရေးလှုပ်ရှားမှုဟာ မင်္ဂလာဖြစ်ပါတယ်။ နိုင်ငံရဲ့အမြော်အမြင်၊ နိုင်ငံရဲ့ဆန္ဒနဲ့ နိုင်ငံရဲ့တစ်နံတစ်လျားက ပြည်သူတို့ဟာ သူ့နည်းသူ့ဟန်နဲ့ တစ်နိုင်ငံလုံးဟာ နိုးနိုးကြားကြားနဲ့ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ပညာတတ်မှ ဝင်ဆံ့နိုင်မယ်။ ရပ်တည်နိုင်မယ်၊ ရှင်သန်ကြီးထွားနိုင်မယ်။ ဒီအတွက် ကျောင်းတွေ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

 

ပညာစီးပွားခေတ်မှာ ကျောင်းသားလူငယ်တွေ စာမသင်၊ ပညာမသင်လို့ကတော့ ၂၁ ရာစုမှာ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဆိုတာ ပြောဖွယ်ရာ မလိုတော့ပြီ။ ပြည်သူရဲ့ ဘဏ္ဍာနဲ့ တည်ထောင်ထားတဲ့ ကျောင်းပေါင်းဟာ ငါးသောင်းနီးပါး ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ အခုခေတ်လို အခြေခံပညာကျောင်းတွေ ဖွင့်လှစ်နိုင်ခဲ့တာကတော့ ၁၈၁၃ ခုနှစ်က ဖြစ်ပါတယ်။

 

ကျွန်တော်တို့ ငယ်စဉ်ကစ ကြီးပြင်းလာတဲ့အထိ ပညာသင်ကြား ကြတဲ့အခါ

 

သိဖို့(learning to know)

ကျွမ်းကျင်ဖို့(learning to do and be skillful)

ကိုယ်ကျင့်တရားကောင်းဖို့(learning to be)

အတူတကွ နေထိုင်ကြဖို့ ၊ခွဲခြားမှုမရှိဖို့(learning to live peacefully together, with no discrimination) ကိစ္စတွေ ပါဝင်ပါတယ်။ နောက်ဆုံးတစ်ချက်ဖြစ်တဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်းတို့နဲ့ ညီညွတ်မျှတစွာ နေတတ်ဖို့ဟာ အလွန်အရေးကြီးလှပါတယ်။

 

မြန်မာ့ပညာရေးမျှော်မှန်းချက်

 

“မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏စိန်ခေါ်မှုကို ရင်ဆိုင် နိုင်သည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင် အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခုဖြစ်ထွန်းစေရန်” ဖြစ်ပါတယ်။ “မြန်မာ့ပညာရေးမျှော်မှန်းချက်” ကျောက်တိုင်ကို အခြေခံ ကျောင်းတွေမှာစိုက်ပြီး ပညာရေးယန္တရားကို မောင်းနှင်နေပါတယ်။

 

ပညာရေးပြုပြင်ပြောင်းလဲမှုတွေ မြှင့်တင်မှုတွေအရပညာရေး ပြက္ခဒိန်မှာမေလနဲ့ ဇွန်လအတွင်း ကျောင်းအပ်နှံရေး သီတင်းပတ်၊ ဇူလိုင်လမှာ ကျောင်းနဲ့ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဩဂုတ်လမှာ ကျောင်းကျန်းမာရေး သီတင်းပတ်ရယ်လို့ ပညာရေးအစီအစဉ်တွေ ရေးဆွဲကာဆရာ၊ ကျောင်းသားအပေါင်းဟာ တက်ကြွစွာ လုပ်ဆောင်ကြခြင်းဖြင့် မြို့ရွာရဲ့ကျောင်းဟာ ဥပစာဖြစ်လာပါတော့တယ်။

 

ဘာကြောင့်လဲ။ ငယ်စဉ်ကတည်းက ကျောင်းနေအရွယ်ကလေးတွေဟာ စာမေးပွဲရယ်၊ အမှတ်ရယ်၊ ဂုဏ်ထူးရယ် ဒီနောက်ကိုပဲသွားနေခဲ့ကြရတယ်။ ယနေ့ခေတ်အချိန်အခါမှာ ကိုယ့်ကျောင်းပရဝဏ်ထဲကို စနစ်တကျ ရောက်လာတဲ့ကလေး၊ ကိုယ့်ပရဝဏ်ထဲမှာ ကိုယ့်အရိပ်အာဝါသထဲမှာ ရောက်လာတဲ့ကလေးရဲ့ ဘက်စုံဖွံ့ဖြိုးဖို့ကိစ္စဟာ အမျိုးသားရေး တာဝန်ပဲဖြစ်ပါတယ်။

 

ပညာရေးပြက္ခဒိန်မှာဘာကြောင့် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလနဲ့ ဇွန်လအတွင်း သတ်မှတ်ပြီး သိုက်သိုက်ဝန်းဝန်း ဆောင်ရွက်ရလဲဆိုရင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေစေချင်လို့ပါပဲ။ တစ်နိုင်ငံလုံး စာရေးတတ်၊ ဖတ်တတ်၊ ဂဏန်းသင်္ချာ တွက်တတ်ဖို့၊ ရောက်လာတဲ့ကလေး ဘက်စုံဖွံ့ဖြိုးဖို့ ဖြစ်ပါတယ်။

 

၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ၉၃ ရာခိုင်နှုန်းကျော် ကလေးသူငယ်တွေဟာ ကျောင်းကိုရောက်ရှိခဲ့ပါတယ်။ ကမ္ဘာမှာ ၉၀ ရာခိုင်နှုန်း ကျော်တဲ့တိုင်းပြည်ရှားပါတယ်။ ၂၀၀၃ - ၂၀၀၄ ပညာသင်နှစ်မှာ ရန်ကုန်တိုင်းဟာ ၉၉ ရာခိုင်နှုန်း ကျောင်းနေတဲ့တိုင်း ဖြစ်လာခဲ့ပါတယ်။ မန္တလေးတိုင်းဟာလည်း ထိုနည်းလည်းကောင်း ကျောင်းနေအရွယ် ကလေးကျောင်းနေလာတာ ၉၉ ရာခိုင်နှုန်းအထိ ရောက်ခဲ့ပါတယ်။ အာရှတိုက်မှာ ၉၉ ရာခိုင်နှုန်း ကျောင်းနေတဲ့မြို့တော်တွေဟာ ဆိုးလ်နဲ့တိုကျိုမြို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရန်ကုန်နဲ့ မန္တလေးမြို့တော်တွေမှာ ၉၉ ရာခိုင်နှုန်း ကျောင်းနေလာတာဟာ မြန်မာနိုင်ငံတစ်နိုင်ငံ လုံးမှာရှိတဲ့ ပြည်သူတွေ၊ စေတနာရှင်တွေက ကလေးတွေရဲ့ အနာဂတ်အရေး မြော်တွေးပြီး ဝိုင်းဝန်းကူညီ စောင့်ရှောက်ခဲ့လို့ပဲ ဖြစ်ပါတယ်။

 

ဘက်စုံဖွံ့ဖြိုးရေးပညာ

 

အခုလည်းပဲ အခြေခံကျလှတဲ့ ဒီကျောင်းအပ်နှံရေးလုပ်ငန်းစဉ်ကြီးအပေါ်မှာ အိမ်တိုင်းစေ့ လွှမ်းခြုံပါဝင်လာတဲ့အထိ ကျောင်းနေရေး ကော်မတီ၊ ဌာနဆိုင်ရာတွေ၊ ပညာရေး၊ စီးပွားရေးစေတနာရှင်တွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ မိဘပြည်သူအပေါင်းဟာ လုံးဝသက်ဝင် ယုံကြည်ပြီး ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အုပ်ထိန်းသူကဖြစ်စေ၊ မိဘကဖြစ်စေ သူ့ကလေးပညာရေးအတွက် ကလေးကို ကျောင်းလာ အပ်တယ်ဆိုရင်ပဲ ရပ်ရွာရဲ့ကျောင်းဟာ ဥပစာဖြစ်လာပါတယ်။

 

ကလေးဟာကလေးလို ပျော်ပျော်ပါးပါးနဲ့ စာသင်ခန်းထဲမှာ စာသင်နိုင်ဖို့၊ ပညာပြီးဆုံးအောင် သင်ယူနိုင်ဖို့ပဲဖြစ်ပါတယ်။ ဉာဏ်နဲ့ ယှဉ်ပြီး အဟန့်အတားစိန်ခေါ်မှုကို ရင်ဆိုင်နိုင်၊ ကျော်လွှားနိုင်ဖို့ စွန့်စားကြရလိမ့်မယ်။ မစွန့်စားရင် မစားရဘူးလို့ ဆိုသလိုပါပဲ။ မြန်မာ့တံခါးကိုဖွင့်၊ ကမ္ဘာကိုကြည့်ကာ ဒီနေ့လှုပ်ရှားရမယ့် ကိစ္စဟာနိုင်ငံသားတိုင်း၊ အရွယ်ရောက်သူကလေးတိုင်းဟာ ခေါင်းလောင်းသံ တညံညံနဲ့ ကျောင်းတက်ဖို့ပဲဖြစ်ပါတယ်။

 

တကယ်တော့ ဒီလှုပ်ရှားမှုကြီးဟာ အလံကိုင်ချီတက်ရမယ့် ကိစ္စကြီးပဲဖြစ်ပါတယ်။ ဒီကြိုးစားမှုကြောင့် ဖြစ်ထွန်းလာမယ့် ကျောင်းနေအရွယ် ကလေးတွေ ရာနှုန်းပြည့်နီးပါး ကျောင်းနေကာ စာဖတ်တတ်၊ ရေးတတ်၊ တွက်တတ်တဲ့ပညာဟာ ဗလငါးတန်အထိ ရှေးရှုနိုင်တာမို့ တန်ဖိုးကြီးလှပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ လင်းလာပါလိမ့်မယ်။ ဘာကြောင့်လဲ။ ပညာရေးမှာ အခြေခံအကျဆုံးဖြစ်တဲ့ ကျောင်းနေရမယ့် ကလေးတွေ ကျောင်းနေကြလို့ပဲ ဖြစ်ပါတယ်။

 

လူ့ယဉ်ကျေးမှုတစ်ခုလုံးကို ထိန်းသိမ်းနိုင်ဖို့ စွမ်းဆောင်တဲ့နေရာဟာ ရပ်ရွာဒေသကကျောင်းပဲ။ ကျောင်းဟာ အလွန်အရေးကြီးတဲ့ ယန္တရား၊ ကိရိယာတန်ဆာပလာ ဖြစ်ပါတယ်။ ကျောင်းဟာ ကျွမ်းကျင်မှုကို မြှင့်တင်ပေးနိုင်တယ်။ အသိဉာဏ်ကို မြှင့်တင်ပေးတယ်။ ဗြဟ္မစိုရ်တရား ထွန်းကားအောင် လုပ်ပေးတယ်။ စိတ်ဓာတ်ရေးရာ ပြုပြင်ပေးတယ်။ လူ့ဘဝနဲ့ လူသားအချင်းချင်း ချစ်မြတ်နိုးအောင် လုပ်ပေးနိုင်တာဟာလည်းကျောင်းပဲ။ စာသင်ကျောင်းတွေက အစပြု လိုက်တဲ့ လောကနီတိ ကျင့်ဝတ်တွေကသာ တစ်ဦးနဲ့တစ်ဦး တန်ဖိုးထားလေးစားမှု၊ နားလည်ပေးမှု၊ ရိုးသားဖြူစင်မှု၊ အမျိုးချစ်စိတ် နိုင်ငံချစ်စိတ်ရှိတဲ့ နိုင်ငံသားကောင်းတွေကို မွေးထုတ်ပေးရာ ရောက်ပါတယ်။

 

လေးစားခြင်း (Respect) ဆိုရာမှာ မိမိ၊ အခြားသူတွေ၊ သဘာဝ ပတ်ဝန်းကျင်နဲ့ လူ့အသိုင်းအဝိုင်းတို့ကို ဆိုလိုပါတယ်။

 

၁။ မိမိကိုယ်ကို လေးစားခြင်းဆိုတာ -

-   မကြာခဏ ကိုယ်စိတ်လေ့ကျင့်ခန်းလုပ်ရမယ်။

-   ဒေါသကို ထိန်းနိုင်ရမယ်။

-   အန္တရာယ်ဖြစ်စေနိုင်ခြေရှိသည်တို့ကို လျှော့ချနိုင်ရမယ်။

-   အမှားမှ သင်ခန်းစာယူသင်ယူရမယ်။

-   အပေါင်းလက္ခဏာ အကောင်းမြင်ဝါဒရှိရမယ်။

-   စည်းကမ်းဥပဒေကို လေးစားလိုက်နာရပါမယ်။

-   ရိုးသားရပါမယ်။

 

၂။ အခြားသူကို လေးစားရမယ်ဆိုတာ -

-   ကိုယ်နှုတ် ယဉ်ကျေးသိမ်မွေ့ရမယ်။

-   အကူအညီပေးနိုင်သမျှ ပေးရမယ်။

-   အများအကျိုး သယ်ပိုးကြရမယ်။

-   မျှဝေတတ်ရမယ်။

-   လိုအပ်သူတို့ကို ကူညီထောက်ပံ့ရတယ်။

-   ချီးမွမ်းထောမနာပြုရမယ်။ သည်းခံနိုင်စွမ်းရှိရမယ်။

 

၃။ သဘာဝပတ်ဝန်းကျင်ကို လေးစားခြင်းဆိုတာ-

-   မိမိရဲ့ အိမ်ရာအဝန်းအဝိုင်းမှာ သန့်ရှင်းမှုရှိစေရမယ်။

-   တစ်ကျော့ပြန်သုံး၊ ပြန်သုံး လျှော့သုံးပြုလုပ်နိုင်ရမယ်။

-   လျှပ်စစ်နဲ့ ရေကို ချွေတာသုံးစွဲရမယ်။

-   ရုက္ခသတ္တလောကကိုစောင့်ရှောက်ရတယ်၊ ညှဉ်းဆဲမှုမပြုရ။

 

၄။ လူ့အသိုင်းအဝိုင်းကိုလေးစားရမယ်ဆိုတာ -

-   ကိုယ်နှုတ်အမူအရာ ကောင်းရပါမယ်။

-   တာဝန်ရှိသူတို့ကို လေးစားရပါမယ်။

-   အသင်းအဖွဲ့ပုံစံလုပ်ရမယ်။

-   ကြင်နာမှုပြ၊ ကြင်နာမှုပြုရမယ်။

-   အသုံးတည့်၊ အကျိုးပြုသူဖြစ်ရပါမယ်။

-   ကာကွယ်စောင့်ရှောက်သူဖြစ်ရပါမယ်။

 

ဒီအစီအစဉ်တွေ လုပ်ပေးနိုင်တာဟာလည်း ကျောင်းပဲ။ ပညာရေးဟာ အခြေခံမူလတန်းပဲဖြစ်ဖြစ်၊ တက္ကသိုလ် ပညာပဲဖြစ်ဖြစ်နိုင်ငံနဲ့ လူမျိုးရဲ့အသက်ဝိညာဉ် ဖြစ်တယ်ဆိုတာ ဘယ်သူမဆိုသိဖို့ပဲလိုပါတယ်။ ကျောင်းတက်ဖို့ တွေဝေနေခြင်း၊ အခြားတစ်ပါးသူတို့ရဲ့ နှာခေါင်းနဲ့ အသက်ရှူရမယ့်ဘဝက လွတ်ကင်းဖို့ဆိုရင် မိဘတွေရဲ့ သွန်သင်ဆုံးမမှု၊ ဆရာကောင်း သမားကောင်းတို့ရဲ့ အကြံဉာဏ် လမ်းညွှန်မှုကို ကိုယ်တိုင်ယူကြရင် လမ်းမှန်စရာအကြောင်းသာ ရှိပါတယ်။

 

ကျောင်းတွေက မဖွံ့ဖြိုးသေးတဲ့ဒေသ ဖွံ့ဖြိုးအောင် လုပ်ပေးနိုင်ပါတယ်။ ဖွံ့ဖြိုးဖို့လိုတယ်ဆိုရာမှာ စည်းကမ်းကောင်းမွန်ရေး၊ တရားဥပဒေလိုက်နာရေး၊ သိပ္ပံနည်းကျတွေးခေါ်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေမီးပေါကြွယ်ဝရေးအထိ အကျုံးဝင်ပါတယ်။ တီထွင်ဖန်တီးမှု မလုပ်နိုင်တဲ့တိုင် ဆိုးသွမ်းလူငယ်တွေမဖြစ်ဘဲ စိတ်ထားကောင်းတဲ့လူ၊ စည်းကမ်းကောင်းမွန်တဲ့ လူငယ်တွေအဖြစ် ပေါက်ဖွားလာပြီဆိုရင်ကိုပဲ ဝမ်းသာကျေနပ်စရာကောင်းတဲ့ ရလဒ်တစ်ခု ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံရဲ့ ဘယ်ဒေသမှာရှိနေတဲ့ ကျောင်းကဆရာဟာ မိမိ ရောက်နေတဲ့ဒေသရဲ့ သင်ကြားသင်ယူမှု ဝန်းကျင်ကို ကောင်းမွန်အောင်၊ လူများစု သင်ယူလေ့လာနိုင်တဲ့ ပတ်ဝန်းကျင်ကောင်းဖြစ်တဲ့အထိ မျှော်မှန်းပြီးဆောင်ရွက်ဖို့ အတွေးအခေါ် အယူအဆတွေ ပြောင်းလဲကောင်းပြောင်းလဲပါမယ်။ နည်းစနစ်တွေ ပြောင်းလဲကောင်းပြောင်းလဲမယ်။ ကျွမ်းကျင်မှု အတတ်ပညာတွေမြှင့်တင်ရတာ ရှိကောင်းရှိမယ်။ ဘယ်လိုပဲဖြစ်စေ အဲဒီလုပ်ငန်းစဉ်တွေရဲ့ ဗဟိုချက်မဟာ ဆရာပါပဲ။ ဒီတော့ ဆရာဟာ အလွန်အားထုတ်ပေးရမယ့် နေရာမှာ ရောက်ရှိနေပါတယ်။

 

ယနေ့ခေတ်အချိန်အခါမှာဆရာရဲ့ ပညာအရည်အသွေး သဘောထား အမြော်အမြင်မြင့်မားမှုဟာ လိုအပ်ချက် တစ်ခုဖြစ်ပါတယ်။ ကုန်ပစ္စည်းသဘောနဲ့ ကြည့်ရင် ကျောင်းကထုတ်တဲ့ ထွက်ကုန်တွေဟာ လူငယ်လူရွယ် အဖိုးတန် ထွက်ကုန်တွေပဲ ဖြစ်စေရပါမယ်။ ထူးချွန်ပြောင်မြောက်တဲ့၊ တီထွင်ကြံဆနိုင်တဲ့လူ မဖြစ်လင့်ကစား စိတ်ထား မြင့်မြတ်တဲ့ မေတ္တာတရားရှိတဲ့လူတော့ အနည်းဆုံးဖြစ်သွားစေရမယ်။ ဆိုးသွမ်းလူငယ်တွေမဖြစ်ဘဲ စည်းကမ်းရှိတဲ့ လူတော့အနည်း ဆုံးဖြစ်သွားစေရပါမယ်။ ပို့ချသူဆရာ ဆရာမတွေဟာလည်း ဘယ်အဆင့်မှာပင်ရှိစေ ပညာရေးကို မိမိကျောင်းဝင်းထဲက ကိစ္စလောက်ဟု သဘောမထားတော့ဘဲ လူ့အဖွဲ့အစည်းရဲ့အရေး ကိစ္စဖြစ်တဲ့အတွက် ဆရာ ဆရာမအပေါင်းနဲ့ ဒေသတွင်းက ကျောင်းသားအပေါင်းဟာ အမျိုးသားရေးတာဝန်ကို ထမ်းဆောင်နေသူတွေဖြစ်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

 

စဉ်းစားစရာတွေ

 

ယနေ့ခေတ်အချိန်အခါမှာ အလယ်တန်းပြီးမြောက်သူဟာ ၁၈ သန်းဆိုတော့ တိုင်းပြည်ရဲ့ သုံးပုံနှစ်ပုံဟာ အလယ်တန်း ပညာကိုပင် လက်လှမ်းမမီလေရော့သလား၊ လက်လှမ်းမီပါလျက် လမ်းလွဲသွားနေသလော စဉ်းစားစရာဖြစ်နေပါတယ်။ ဘယ်လိုပဲဆိုစေဒီကိန်း ဂဏန်းတွေဟာ စိတ်ချောက်ချားဖွယ်ဖြစ်နေပါတယ်။ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းမှာ“သမင်မွေးရင်း ကျားစားရင်း” မဖြစ်ဖို့ အမြော်အမြင်ရှိကြရလိမ့်မယ်။

 

ကျောင်းအပ်နှံရေး၊ ကျောင်းနေမြဲရေး၊ အလယ်တန်းပညာ ပြီးဆုံးရေးဟာ နိုင်ငံရဲ့အုတ်မြစ်၊ လူထုရဲ့ကိစ္စ၊ ပညာရေးရဲ့ကိစ္စဖြစ်တယ်လို့ ပြောရခြင်းဖြစ်တယ်။ လူထုကိစ္စဖြစ်တယ်။ ကျောင်းနေဖို့အခွင့်အလမ်း မရစရာမရှိ၊ သားကောင်း၊ သမီးကောင်းရတနာတွေဖြစ်ကာ နှစ် ၃၀ စီမံကိန်းမှာ တစ်ဆင့်ပြီးတစ်ဆင့် မသင်မနေရ အလယ်တန်းနဲ့ မသင်မနေရ အထက်တန်းအထိ မျှော်မှန်းချက်ဟာ ယနေ့အထိရှိနေပါတယ်။ အခြေခံအကျဆုံး ကလေးတစ်ယောက်ရဲ့ အခွင့်အရေးဟာ ကျောင်းနေရမယ့် အရွယ်ရောက်လာရင် ကျောင်းတက်နိုင်ဖို့ပဲ။ ဒါဟာ အခြေခံအကျဆုံး ကလေးတစ်ယောက်ရဲ့ အခွင့်အရေးပါပဲ။ ကျောင်းမတက်ရအောင် ဟန့်တားပိတ်ပင်မှုတွေရှိရင် ကလေးတစ်ယောက်ရဲ့ အခွင့်အရေး ဖောက်ဖျက်သူ ဖြစ်သွားပါမယ်။ ကလေးတစ်ယောက်ရဲ့ မူလအခွင့်အရေး ဆုံးရှုံးသွားတာပဲဖြစ်ပါတယ်။ မသင်မနေရ အထက်တန်းပြီးဆုံးသည်အထိ ကျောင်းနေရေး လုပ်ငန်းကြီးကိုပြည်သူ တစ်ရပ်လုံးဟာ  မမေ့မလျော့ အားထုတ်ခြင်းဖြင့် အခြေခံပညာ အလယ်တန်းပြီးမြောက်သူဟာ ၁၈ သန်းထက်ကျော်လာမှာ ဖြစ်ပါတယ်။

 

၂၁ ရာစုထဲ ဝင်လာသည့်တိုင် မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ဝင်တန်း အောင်မြင်သူဟာ ပျမ်းမျှ ၃၀ ရာခိုင်နှုန်းသာ ရှိကြောင်းလည်း တွေ့ရှိရပါတယ်။ ကျန် ၇၀ ရာခိုင်နှုန်းဟာ အဆင့်မြင့် ပညာကို လက်လှမ်းမမီသလော၊ လမ်းလွဲနေသလောဆိုတဲ့ အဓိပ္ပာယ်ပေါ်နေပါတယ်။ မြင့်မားတဲ့ နည်းပညာရဖို့ ၃၀ ရာခိုင်နှုန်းအပေါ်မှာ အားထားနေရတဲ့ သဘော ဖြစ်နေပါတယ်။

 

၁၉၉၅ - ၉၆ ခုနှစ်လောက်က ထိုင်းဘုရင်မင်းမြတ်ဟာ ထိုင်းတောင်သူလယ်သမားတွေရဲ့ ပညာရေး အဆင့်အတန်းကို ဖော်ထုတ်စေတဲ့အခါ ပျမ်းမျှမူလတန်းအဆင့်သာ ရှိကြောင်းသိတော့ စိုက်ပျိုးရေးစွမ်းအားစု တောင်သူလယ်သမားတွေရဲ့ ပညာရေးကို မြှင့်တင်ပေးခဲ့ပါတယ်။

 

သယံဇာတမရှိတဲ့ စင်ကာပူနိုင်ငံနဲ့ တရုတ်(တိုင်ပေ) ဒေသတို့ဟာ လွန်ခဲ့တဲ့ နှစ် ၇ဝ - ၈ဝ ကဆင်းရဲခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာ တရုတ် (တိုင်ပေ) ဒေသဟာ တက္ကသိုလ်ဝင်ခွင့်ကို ပြင်းပြင်းထန်ထန် တင်းကျပ်ခဲ့ပါတယ်။ စာတတ်မြောက်ရေးထက် တစ်ဆင့်တက်ပြီး သိပ္ပံပညာ တတ်မြောက်ရေးကို အလေးထားဆောင်ရွက်ခဲ့ပါတယ်။ စက်ရုံတွေ ကြီးထွားလာခဲ့ပါတယ်။

 

ဥရောပ၊ အမေရိကန်၊ ဂျပန်လူမျိုးတို့ဟာ ကျောင်းတက်ပညာသင်တာ စဉ်းစားဆင်ခြင်နိုင်ဖို့၊ အမြော်အမြင်ရှိဖို့၊ ကျွမ်းကျင်မှု အဖုံဖုံရှိဖို့၊ ဥရောပတစ်ခွင်မှာ လက်တွေ့ပါတဲ့ အခြေခံသိပ္ပံ (Basic Science) ကို အခြေချနိုင်ခဲ့ကြောင်း၊ ၁၈၄ဝ ပြည့်နှစ်ရောက်တော့စက်မှု ထွန်းကားဖို့ကိစ္စမှာ အခြေခံသိပ္ပံပညာတွေဟာအကြောင်းတရားပဲ ဖြစ်ခဲ့ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာလူဦးရေ သန်းထောင် ကျော်ရှိပါတယ်။ အဆင့်မြင့်နည်းပညာကျွမ်းကျင်သူ သန်း ၂၀ ကျော် မွေးထုတ်ခဲ့ပါတယ်။ ဒီအင်အားစုနဲ့ လူမှုရေး၊ ပညာရေး၊ စီးပွားဖွံ့ဖြိုးရေး တိုးတက်ရာတိုးတက်ကြောင်း မောင်းနှင်နိုင်တာကိုတွေ့ရပါတယ်။ ဒီအင်အားစု သန်း ၂၀ ကျော်ဟာ အရှေ့တောင်အာရှကို လွှမ်းလာတာတွေ့ရပါတယ်။ အမေရိကန် လူဦးရေရဲ့ခြောက်ပုံတစ်ပုံသာရှိတဲ့ တောင်ကိုရီးယားနိုင်ငံဟာ အမေရိကန်အင်ဂျင်နီယာတွေ မွေးထုတ်ပေးသလောက် အရည်အချင်းပြည့် အင်ဂျင်နီယာတွေ မွေးထုတ်ပြီး ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါဝါ ရပ်တည်နေတာ တွေ့မြင်ရပါတယ်။

 

တရုတ်က လေးဆ၊ အိန္ဒိယက ငါးဆ မွေးထုတ်နေတာ တွေ့မြင်ရပါတယ်။ ဂျပန်နိုင်ငံကတော့ ပြောဖွယ်ရာမလိုတော့ပြီ။ မြန်မာနိုင်ငံ လူဦးရေထက်များတဲ့ ၆၇ သန်းသော အဆင့်မြင့်နည်းပညာ ကျွမ်းကျင်သူအပေါင်းနဲ့ ကမ္ဘာရဲ့ နယ်ပယ်အသီးသီးမှာ ထဲထဲဝင်ဝင် ပါဝင်နိုင်တာ ကိုတွေ့ရတော့ ကိုယ့်နိုင်ငံအတွက် အားမရသလို ခံစားရပါတယ်။ ဒီကိစ္စတွေဟာလည်း “တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့” ဆိုသလိုနေ့စဉ် လစဉ် နှစ်စဉ်အားထုတ်ရမှာ ဖြစ်ပါတယ်။ မြန်မာတွေ အဆင့်မြင့်နည်းပညာ တတ်ကျွမ်းဖို့၊ လူ့စွမ်းအားအရင်းအမြစ် တိုးတက်ဖို့ အားထုတ်ကြရလိမ့်မယ်။ ယှဉ်ပြိုင်မှုကြီးမားတဲ့ ၂၁ ရာစုခေတ်မှာကျွမ်းကျင်လူ့စွမ်းအားအရင်းအမြစ်ရှားပါးခြင်း၊စီမံခန့်ခွဲကြီးကြပ်မှု စွမ်းရည်မှာ အကန့်အသတ်ရှိနေခြင်း၊ ရုံးအဖွဲ့အစည်းတွေမှာပင်စီမံခန့်ခွဲနိုင်စွမ်းအားနည်းနေခြင်းကို တွေ့နေရပါတယ်။

 

ကောင်းပါပြီ။ဒီဆောင်းပါးကို ဒီလို နိဂုံးချုပ်ချင်ပါတယ်။

 

ပညာစီးပွားခေတ်မှာ ကျောင်းသားလူငယ်တွေ စာမသင်၊ ပညာမသင်လို့ကတော့ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဆိုတာ ပြောဖွယ်ရာ မလိုတော့ပြီ။

 

ပညာရေးဟာသူငယ်တန်း မူလတန်းကအစတက္ကသိုလ် အဆင့်အထိလူ့အဖွဲ့အစည်းရဲ့ အရေးကိစ္စဖြစ်တဲ့အတွက် ပညာရေးကို အားပေးအားမြှောက်ပြုရပါမယ်။

 

မေလကုန် ဇွန်လဆန်းထဲမှာ တစ်နိုင်ငံလုံး အခြေခံကျောင်းပေါင်း လေးသောင်းကျော်မှာကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှု ကြီးဟာ အလံကိုင်ချီတက်လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။ သောင်းသောင်းဖြဖြ ကျောင်းအပ်နှံရေး ရက်သတ္တပတ်ဟာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း မေတ္တာဖြင့်ရေးသားအပ်ပါတယ်။ ။