ခေါင်လန်ဖူး ၃၀ ဇူလိုင်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်း (ပထမအကြိမ်) မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာထားရှိမှုများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ အဖွဲ့ဝင်များက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များ က မြို့ပေါ်ရပ်ကွက် (၄)ခုရှိ မဲရုံများတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ကျန်ကျေးရွာ (၂၃)အုပ်စုကိုလည်း ဆက်လက် ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကြေညာစာရင်းတွင် မဲပေးခွင့်ရှိသူအနေဖြင့် မိမိအမည်စာရင်း ပါ/မပါ၊ အချက်အလက် မှန်/မမှန် စစ်ဆေးရန်နှင့် မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့်လည်ကောင်း၊ မပါဝင်သင့်သူများ ပါဝင် နေပါက ပုံစံ(၄)ဖြင့်လည်းကောင်း၊ မဲစာရင်းပါ အချက်အလက်များမှားယွင်းနေပါက ပုံစံ ၄ (ဂ)ဖြင့် လည်းကောင်း ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်ခြင်းများ ဆောင်ရွက်နိုင်ကြရန်နှင့် မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး မပျက်မကွက်လာရောက် ကြည့်ရှုစစ်ဆေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် နှိုးဆော်ထားသည်။
မဲစာရင်းကို ဇူလိုင် ၂၅ ရက် မှ သြဂုတ် ၇ ရက်အထိ (၁၄)ရက်ကြာ သတ်မှတ်နေရာများတွင် ကပ်ထား ကြေညာထားမည်ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် ထုတ်ပြန်ထားခြင်းဖြစ်ပြီး ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်း ဆောင်ရွက်ပြီး မဲဆန္ဒရှင်စာရင်းများကို ပြန်လည်ဖြည့်စွက် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ရပ်ကွက် (၄)ခုနှင့် ကျေးရွာအုပ်စု (၂၃)အုပ်စုတွင် မဲရုံပေါင်း (၃၆)ရုံ၊ မဲဆန္ဒရှင်ပြည်သူ (၈၄၆၉) ဦးရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ငြိမ်းအိအိဖြိုး(ပြန်/ဆက်)