ခေါင်လန်ဖူး  ၂၉   အောက်တိုဘာ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV Vaccine) စတင်ထိုးနှံပေးမည့်အကြောင်း အသိပေး ဆွေးနွေးပွဲ အခမ်းအနားကို အောက်တိုဘာ ၂၈ ရက် နံနက် ၁၀ နာရီအချိန်က ခေါင်လန်ဖူးမြို့နယ် မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ခေါင်လန်ဖူးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဂွမ်ဆိုင်းလီက (HPV Human Papilloma Virus) အကြောင်း၊ သားအိမ်ခေါင်းကင်ဆာ ရောဂါအကြောင်း၊ HPV ကာကွယ်ဆေး အကြောင်း၊ ကျန်မာရေးဌာနမှ သတ်မှတ်ထားသော သားအိမ်ခေါင်းကင်ဆာ ကာကွယ်ခြင်းနှင့် ကုသခြင်းဆိုင်ရာ အကြောင်းအရာများ၊ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားခြင်းအကြောင်း၊ ရောဂါလက္ခဏာများအကြောင်းကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။

 

ထို့နောက် လက်ထောက်ကျန်းမာရေးမှူး ဦးသက်နိုင်ထွန်းမှ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ် ဆေးအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ HPV ကာကွယ်ဆေးကို မြို့ပေါ်ရပ်ကွက်ရှိ အသက်(၉)နှစ်မှ (၁၀)နှစ် မိန်းကလေးငယ်(၆)ဦးအား အောက်တိုဘာ ၂၈  ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ပြီး မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုမှ ရည်မှန်းအသက်အုပ်စုဝင် မိန်းကလေးငယ်များအား ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြိုနယ်ဆရာဝန်ကြီး ဒေါက်တာဂွမ်ဆိုင်းလီထံမှ သိရသည်။

ငြိမ်းအိအိဖြိုး(ပြန်/ဆက်)