မြင့်မောင်စိုး

ခေါင်လန်ဖူးမြို့သို့ ရောက်သည်ဆိုလျှင်ပင် ခရီးဦးတိုက် ဆိုက်ရောက်ရာ အရပ်မှာ မြို့လယ်ကောင်တွင်ရှိသည့် မြို့နယ်ပညာရေးမှူးရုံးပင်ဖြစ်သည်။ ပညာရေးမှူးရုံးသို့ ရောက်ရှိကြောင်း လာရောက်သတင်းပို့ကြသော ဆရာ ဆရာမများမှာ ပစ္စည်းအထုပ်များ ရောက်မလာသေး၍ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရပြန်သည်။

ယခုနှစ် ၂၀၁၉ -၂၀၂၀ ပညာသင်နှစ် တွင် နိုင်ငံတော်အစိုးရက ခေါင်လန်ဖူးဒေသသို့ မူလတန်းပြဆရာ ဆရာမ ၁၅၇ ဦး အသစ် ခန့်ထားပေးပြီး သင်တန်းများပေး၍ စေလွှတ်ခဲ့ကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ စာရင်းဇယားများအရ သိရသည်။ စေလွှတ်ခဲ့သော ဆရာဆရာမများအနက် တချို့ မဂ္ဂဇခေါင်လန်ဖူးလမ်းတစ်လျှောက် ကျေးရွာများ၊ တချို့ခေါင်လန်ဖူးမြို့မှတစ်ဆင့် သွားရသော ကျေးရွာများဟူ၍ အပိုင်းနှစ်ပိုင်း ပါဝင်သည်။

မဂ္ဂဇ-ခေါင်လန်ဖူး လမ်းပိုင်းတွင် တာဝန်ကျသောဆရာ ဆရာမများ မိမိတို့ တာဝန်ကျရာ ကျေးရွာများရှိ ကျောင်းများသို့ အသီးသီးဝင်ရောက်ရာတွင် အဆင်ပြေချောမွေ့မှုရှိသော်လည်း ခေါင်လန်ဖူးရောက် ပြီးမှ နောက်တစ်ဆင့် ထပ်မံ၍ခရီးရှည်၊ ခြေကျင် သွားရမည့် ဆရာဆရာမများအဖို့ ဆက်လက်ပြီး အခက်အခဲနှင့် ရင်ဆိုင်ကြရ ပြန်သည်။

အကြောင်းသည်ကား ခရီးစတင်ထွက်လာစဉ်က ဆန်းလွှတ်ချက်တောင်ထိပ်မှ အထုပ်အပိုးများကို လူနှင့်တစ်ပါတည်း သယ်မသွားနိုင်ခြင်းကြောင့်ဖြစ်သည်။ အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့်လမ်းခရီး၌ စားစရာအချို့သာ လူနှင့် သယ်လာနိုင်ကြသည်။ ကျန်အဝတ်အထည် အသုံးအဆောင်များနှင့်လချီစားသုံးနိုင်သော ရိက္ခာခြောက်များကို (ဆန်းလွှတ်ချက်တောင်ထိပ်၌ မိမိအမည် ရေးထိုးကာ လားတင်ရန်ထားခဲ့ကြရသည်။

ခေါင်လန်ဖူးရောက် ဆရာဆရာမများဒုက္ခ

ဆန်းလွှတ်ချက်တောင်ခြေရင်း ချောင်းတစ်ကမ်းတွင် လားစခန်းရှိသော်လည်း လားများပုံမှန်မရှိ။ ဝန်ချီစလွယ် သယ်ဆောင်ရန်လားကိုသာ အားထားနေရပြီး လားများကို လမ်းတစ်လျှောက် သယ်ဆောင်ရေးလုပ်ငန်းများ၌ အသုံးပြုနေကြရသည်။ ဆရာ ဆရာမများ ခေါင်လန်ဖူးသို့ ရောက်ရှိကြသော်လည်း မိမိတို့၏ အထုပ်များ ရောက်မလာသေး၍ ခေါင်လန်ဖူးတွင် သီတင်းတစ်ပတ်၊ နှစ်ပတ် ကြာအောင် စောင့်ဆိုင်းနေရသည်။

ထိုသို့ခေါင်လန်ဖူးတွင် သောင်တင်နေကြသော ဆရာဆရာမများ၏ ယာယီတည်းခိုနေထိုင်ရေးမှာလည်း အဆင်မပြေကြပေ။ တချို့ပြန်/ဆက်ရုံး၊ တချို့ ပညာရေးရုံးတို့တွင် အဆင်ပြေသလို အိပ်ကြရသည်။ တချို့ရပ်ကွက်ရှိ အသိအကျွမ်းနေအိမ်များသို့ အဆင်ပြေသလို ဝင်အိပ်ကြရသည်။ စားရေးသောက်ရေးတွင်လည်း ဈေးအဆမတန်ကြီးစွာ ပေးဝယ်စားကြရသည်။ ခေါင်လန်ဖူးသို့ တာဝန်ကျသော ဆရာ ဆရာမတို့၏ ဒုက္ခသည် အသောမတတ်နိုင်ဘဲ ဖြစ်နေသည်ကို တွေ့ရသည်။

တနိုင်းမှ ဆရာမ ဒေါ်ဘူဂျာက ခရီးစဉ်အတွင်း ကြုံတွေ့ခဲ့ရသော အခက်အခဲများကို ပြောပြသည်။ “ဒီမှာပဲ နှစ်ပတ်နီးပါးကြာအောင် အထုပ်တွေစောင့်နေရတယ်။ လားသမားတွေကို မှာလိုက်ပေမယ့်လည်း ဦးစားပေးအနေနဲ့တော့ သယ်မပေးကြဘူး။ ကုန်သယ်စရာ အလုပ်တွေမရှိမှဘဲ သယ်လာပေးတယ်။ ဒီနေ့ကတော့ တာဝန်ကျတဲ့ ဒါကာကို ချာဝမ်၊ ဒါဘန်၊ ချီလာဝတီနဲ့ ဇန်ဟိုကိုသွားမယ့် ဆရာမတွေနဲ့အတူ သွားရောက်မှာ ဖြစ်ပါတယ်"ဟု ပြောသည်။ ဆရာမဒေါ်ဘူဂျာသည် တနိုင်းမှ မြစ်ကြီးနား မြစ်ကြီးနားမှ ပူတာအိုသို့ ကားဖြင့်လာခဲ့ပြီး  ပူတာအိုမှခေါင်လန်ဖူးကို ကားဖြင့် တစ်ရက်၊ ခြေကျင် လေးရက်ဖြင့် ခက်ခဲကြမ်းတမ်းစွာ လာခဲ့ရသည်ဟု ဆိုသည်။  

 

mdn

 

ခေါင်လန်ဖူးသို့ လမ်းကြောင်းနှစ်သွယ်

ခေါင်လန်ဖူးဒေသအတွက်ခန့်ထားသော ဆရာ ဆရာမများသည် ဇွန်လလယ်အထိ အဆက်မပြတ် ဝင်ရောက်ခဲ့သည်။ ပူတာအိုခေါင်လန်ဖူးလမ်းကြောင်းမှ တစ်လမ်း တရုတ်နိုင်ငံမှတစ်ဆင့် ရှိန်းခေါင်လမ်းကြောင်းမှတစ်လမ်း လမ်းကြောင်းနှစ်ခုမှ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ ခေါင်လန်ဖူးမြို့နယ်ကို PPTT- 5 (ဆရာအတတ်သင် သင်တန်း အမှတ်စဉ်-၅) အနေနဲ့ ဆရာဆရာမ ၁၅၇ ဦး ခန့်ထားပေးပါတယ်။ ဒီကနေ့အထိတော့ ဆရာ ဆရာမ ၁၂၇ ဦး အလုပ်ဝင်ရောက်ကြောင်း သတင်းပို့ထားပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဘက် လမ်းကြောင်းက ဝင်တဲ့ ဆရာ ဆရာမတွေကတော့ လမ်းပန်းဆက် သွယ်ရေးအခက်အခဲကြောင့် သတင်းမပို့နိုင် သေးတာပါ” ဟု ခေါင်လန်ဖူးမြို့နယ် ဒုတိယ ပညာရေးမှူး ဦးဝင်းမြင့်က ပြောသည်။

ယခုအခါ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးသို့ အခမဲ့ ဖြန့်ဝေပေးမည့် ကျောင်းသုံးစာအုပ်နှင့် ဗလာစာအုပ်များ ပေးပို့ထားပြီဖြစ်ကြောင်း၊ မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းနှစ်ကျောင်း ၊အထကခွဲ တစ်ကျောင်း၊ အလက ငါးကျောင်း၊ အလကခွဲ သုံးကျောင်း၊ မူလွန်တစ်ကျောင်းနှင့် အမက ၅၈ ကျောင်း ရှိကြောင်း၊ တစ်မြို့နယ်လုံးတွင် စုစုပေါင်းကျောင်းပေါင်း ၇၇ ကျောင်းရှိကြောင်း၊ ကျောင်းသား ကျောင်းသူဦးရေ ၃၈၁၇ ဦး ရှိကြောင်း သိရသည်။

ခေါင်လန်ဖူးနှင့် တက္ကသိုလ်ဝင်တန်း

သို့သော်လည်း ခေါင်လန်ဖူးမြို့နယ်၏ တက္ကသိုလ်ဝင်တန်း အောင်မြင်မှုရလဒ်မှာ အခြေအနေ ဆိုးရွားနေဆဲဖြစ်ကြောင်း၊ ကြီးကြပ်ကွပ်ကဲမှုနှင့် ကျွမ်းကျင် ဆရာ ဆရာမများ ပိုမိုအားဖြည့်ပေးရန် လိုအပ် ကြောင်း သိရသည်။

“ကျွန်တော်တို့ ခေါင်လန်ဖူးဒေသမှာ တက္ကသိုလ်ဝင်တန်း အောင်ချက်နှင့် ပတ်သက်လို့ ဆက်တိုက်ကျဆင်းနေတာကတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ဒီကျောင်းမှာ အရင်တုန်းက ကိုးယောက်အထိအောင်ခဲ့ဖူးပါတယ်။ ဒီနောက်တဖြည်းဖြည်း ကျဆင်းခဲ့ပါတယ်။ ယခုအခါမှာတော့ ကိုးနှစ်ဆက်တိုက် အောင်သူတစ်ဦးလောက်သာရှိတယ်ဆိုတာကတော့ အတော်လေးကို ဝမ်းနည်းစရာကောင်းပါတယ်။ ဒီအတွက် စီမံကွပ်ကဲမှုတွေနဲ့ သင်ကြားမှု၊ သင်ယူမှုတွေ ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်သင့်တယ်လို့ထင်ပါတယ်"ဟု ပြည်နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးရဲဆာက ပြောသည်။ ဦးရဲဆာ ခေါ် ကိုရဲဆာသည် ခေါ်ဘူဒ် ဇာတိဖြစ်သည့်အလျောက် သူ့ဇာတိ၊ သူ့ဒေသမှကလေးတွေကို ပညာတတ်တွေ ဖြစ်စေချင်သော ဆန္ဒသည် သူ့ရင်တွင်း ခံစားချက်ပင်ဖြစ်သည်။ သူကိုယ်တိုင်လည်း ဇန်ဟို့တွင် ကျောင်းဆရာအလုပ်ကို လုပ်ခဲ့သူဖြစ်သည်။ ဒေသ သံယောဇဉ်ကြီးမားသူ တစ်ဦးဖြစ်သည်။

ခေါင်လန်ဖူးဒေသမှတက္ကသိုလ်ဝင်တန်း ဖြေဆိုသော ကျောင်းသား ကျောင်းသူများသည် ဝေးလံသော နောင်မွန်စာဖြေဌာနသို့ သွားရောက်ကာ ဖြေဆိုနေကြရသည်။ သို့အတွက်ကြောင့်လည်း အခက်အခဲများစွာ ရှိနေသည်ဟု ဆိုကြသည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်မှုနည်းလာ၍ ခေါင်လန်ဖူးဒေသမှကလေးများ၏ ပညာရေးသည် ဆုံးခန်း မတိုင်ဘဲရှိသည်။ ငွေကြေးအတော်အတန် တတ်နိုင်သော ကျောင်းသားမိဘများက ခေါင်လန်ဖူးတွင် ကျောင်းမထားတော့ဘဲ ပူတာအိုသို့ သွားရောက်ကာ ကျောင်းထားလာကြသည်။ ပူတာအိုတွင် အောင်မြင်သောကျောင်းသား အများအပြားရှိလာကြောင်း သိရသည်။

ခေါင်လန်ဖူးအထက

ခေါင်လန်ဖူးမြို့သို့ ရောက်ခိုက် ခေါင်လန်ဖူးမြို့ အခြေခံပညာအထက်တန်းကျောင်း သို့လည်း ပညာသင်ကြားနေမှုအခြေအနေများ သိရှိနိုင်ရန် သွားရောက်လေ့လာခဲ့သည်။ ပြန် /ဆက်ရုံး ကုန်းအထက်တွင် ခေါင်လန်းဖူးမြို့ အခြေပညာအထက်တန်းကျောင်းကို ထက်၊ လယ်၊ မူ ကျောင်းများနှင့်အတူတွေ့ရသည်။ KG အဆင့်မှ တက္ကသိုလ်ဝင် တန်းအထိ တစ်နေရာတည်းတွင် ကျောင်းတက်နိုင်အောင် စီစဉ်ထားပုံရသည်။ KG တန်းမှ တက္ကသိုလ်ဝင်တန်းအထိ အတန်းတိုင်း၊ အခန်းတိုင်းတွင် ဆရာဆရာမများက  ကလေးများအား အားတက်သရောပညာ  သင်ကြားပေးလျက်ရှိသည်ကို တွေ့ရသည်။

ခေါင်လန်ဖူးမြို့ အခြေခံပညာအထက်  တန်းကျောင်း ကျောင်းအုပ်ဆရာကြီးဦးဂျီယောနသန်က “ဒီကျောင်းက မူလတန်း စဖြစ်တာကတော့ လွတ်လပ်ရေးမရခင်  ၁၉၄၇ ခုနှစ်ကပါ။ အထကဖြစ်တာကတော့ ၂၀၀၄ ခုနှစ်ကပါ။ ဆရာ ဆရာမကတော့ ထက်၊ လယ်၊ မူ စုစုပေါင်း ၁၇ ဦးရှိပါတယ်။ကျောင်းသား ကျောင်းသူက ဒီပညာသင်နှစ် မှာ ၂၀၀ လောက် လက်ခံရရှိထားပါတယ်။ ကျေးရွာအတော်များများမှာ မူလတန်းကျောင်းတွေ ဖွင့်ပြီဆိုတော့ ဒီအနီးအနားတစ်ဝိုက်က ၅ တန်းအောင် ကလေးတွေ၊ ၈ တန်းအောင် ကလေးတွေ လာတက်ကြ ပါတယ်”ဟု ပြောသည်။

ခေါင်လန်ဖူးတွင် တက္ကသိုလ်ဝင်တန်း အနေဖြင့် ဒေသအခြေအနေအရရော၊ ဆရာ အခြေအနေ အရပါ ဘာသာရပ်အစုံ ပညာ မသင်နိုင်သေးကြောင်း၊ ဝိဇ္ဇာတွဲ အတွဲ ၂ ကိုသာ သင်ပေးနိုင်သေးကြောင်း၊ တက္ကသိုလ် ဝင်တန်းကျောင်းသားကျောင်းသူ ၁၈ ဦးရှိပြီး အထက်တန်းပြ ဆရာ ဆရာမ ငါးဦးဖြင့် သင်ကြားပေးနေကြောင်း၊ ၂၀၁၀ -၂၀၁၁ ခုနှစ်ကတည်းက တက္ကသိုလ်ဝင်တန်းအောင်မြင်မှု မရခဲ့သောကြောင့် ယခုနှစ်တွင် အောင်မြင်မှုရနိုင်ရေး စာသင်စာကျက်ဝိုင်းများ ပြုလုပ်၍ ဝိုင်းဝန်းကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီးက ပြောသည်။

သို့သော်လည်း ခေါင်လန်ဖူးဒေသတွင် အခြေခံပညာမူလတန်းအဆင့်တွင် သင်ကြားမှု၊ သင်ယူမှုများ အားကောင်းလာပြီဟု ဆိုနိုင်သည်။ ခေါင်လန်ဖူးမြို့နယ်အတွင်း ကျေးရွာ  အုပ်စု ၂၄ အုပ်စု၊ ကျေးရွာပေါင်း ၁၄၉ ရွာ ရှိကာ ကျေးရွာများ၌ မူလတန်းကျောင်း များဖွင့်လှစ်ထားပြီး ဒေသခံကလေးများအား အခက်အခဲများစွာကြားမှ ပညာကိုကြိုးစား သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ခေါင်လန်ဖူးနှင့်မိုင်၁ဝဝ

ဆရာ ဆရာမများအနေဖြင့် စတင် တာဝန်ထမ်းဆောင်ချိန် မိမိတို့ကျရာ ကျောင်းများသို့ ခြေကျင်ခရီး မရောက်ရောက်အောင် သွားရောက်သင်ကြားကြရသလို လစာထုတ်သည့်အချိန်တွင်လည်း ခေါင်လန်ဖူးမြို့သို့ မိုင်ပေါင်းများစွာ ခြေကျင်ခရီးလာကြရ၍ အခက်အခဲများစွာရှိနေသည်ဟု ဆိုသည်။

“ကျွန်မက ခေါင်လန်ဖူးကနေ မိုင် ၁၀၀ လောက်ဝေးတဲ့ နမ်ချိန်ဆိုတဲ့ရွာလေးမှာ အလကခွဲဆရာမအဖြစ် တာဝန်ထမ်းဆောင် နေတာပါ။ ၁၁ နှစ်ရှိပါပြီ။ အခုတော့ အဲဒီမှာပဲ အိမ်ထောင်ကျနေပါတယ်။ နှမ်ချိန်ကနေ ခေါင်လန်ဖူးကို လစာထုတ်တာတို့၊ သင်တန်း တက်တာတို့လာမယ်ဆိုရင် လမ်းမှာ ၁၀ ရက်လောက်လမ်းလျှောက်ပြီး ငါးညလောက် အိပ်ရပါတယ်။ လမ်းမှာ ဗိုလ်တဲမရှိဘူး။ ငါးဖမ်းတဲ့ တဲလေးတွေထဲမှာ တစ်ယောက်တည်း ကြောက်ကြောက်နဲ့ အိပ်ရပါတယ်။ ဒီအရပ်ဒေသမှာ ဆရာဖြစ်ရတာ အတော့်ကို ပင်ပန်းဆင်းရဲလွန်းလှပါတယ်” ဟု ဆရာမ ဒေါ်ဖုန်ဇီအမီရမ်က ပြောပြသည်။

ခေါင်လန်ဖူးသို့ ရောက်ရှိနေခိုက် ကျောင်းကိစ္စနှင့် လစာထုတ်ရန်ရောက်ရှိနေသော ရှိန်းခေါင်မှ အလယ်တန်းပြကျောင်းအုပ် ဆရာမကြီး ဒေါ်ပရီလွမ်းနှင့်လည်း ဒေသ အခြေအနေနှင့် ပညာရေးအခြေအနေများ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါသေးသည်။ ရှိန်းခေါင်သည် တရုတ်နိုင်ငံနှင့်နီးသော ဒေသ ဖြစ်ပြီး ခေါင်လန်ဖူးနှင့် အဝေးဆုံးဒေသ တစ်ခုဖြစ်သည်။

 

mdn

 

တရုတ်နယ်စပ် ရှိန်းခေါင်ပညာရေး

“ကျွန်မတို့ ဒီဒေသကို တာဝန်ထမ်းဆောင်ကြတဲ့ ပညာရေးဝန်ထမ်းတွေ  အနေနဲ့ မြစ်ကြီးနား ကန်ပိုက်တီးကနေလာကြရပါတယ်။ တရုတ်နိုင်ငံဘက်လမ်းက တရားဝင်လမ်းတော့ မဟုတ်ဘူး။ ခေါင်လန်ဖူးလမ်းက တစ်ကွေ့တစ်ပတ်ကြီး ခြေကျင်သွား  နေရတဲ့လမ်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဘက်လမ်းကလည်း ခက်ပါတယ်။

မြစ်ကြီးနား ကန်ပိုက်တီးကနေတစ်ဆင့် တရုတ်နယ်စပ် ဂိတ် ဖီမောကို ကားသမားလေးတွေက ပို့ပေးတယ်။ အဲဒီကနေတစ်ဆင့် တရုတ်ပြည် ထိန်ချုံးတို့၊ ဖူကုန်းတို့ ဖြတ်ကူးတယ်။ အစားအသောက် ဘာမှ သယ်သွားလို့ မရဘူး။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဝက်အူချောင်း သယ်သွားဖို့ လုပ်တာ လုံးဝယူခွင့်မပေးပါဘူး။ ကားက ကြားမှာ ရှစ်စီးလောက် ပြောင်းစီးရတယ်။ စကားပေါက်တဲ့ လူမပါရင် ပိုဆိုးပါတယ်။ ခရီးစရိတ်ကတော့ မြန်မာကျပ်ငွေ အနည်း ဆုံး ကျပ်တစ်သိန်းခွဲလောက် ကုန်ပါတယ်” ဟု ဆရာမကြီး ဒေါ်ရီလွမ်းက တရုတ်နိုင်ငံဘက်လမ်းကြောင်းမှ ရှိန်းခေါင်သို့ သွားရာလမ်းအခြေအနေကို ပြောပြသည်။

ယခုအခါ ရှိန်းခေါင်တွင် အထကခွဲ အထိ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပြီး ရှိန်းခေါင်သည် ကျောင်းသား ကျောင်းသူ ၄၂၉ ဦးရှိကာ ဆရာ ဆရာမ ၂၀ ရှိသဖြင့် ခေါင်လန်ဖူး မြို့နယ်တွင် ကျောင်းသားအများဆုံးဖြစ်ကြောင်း၊ သို့သော်လည်း ကျောင်းဆောင် အခက်အခဲ၊ ဆရာ ဆရာမ နေထိုင်ရန် အဆောက်အအုံ အခက်အခဲများရှိကြောင်း၊ ရေခဲများသည် နိုဝင်ဘာလမှ တဖြည်းဖြည်း ကျဆင်းလာပြီး ဖေဖော်ဝါရီလတွင် ထူထပ်စွာ ကျဆင်းခဲ့ကြောင်း၊ လျှပ်စစ်မီးမရှိ။ ဆရာမ တစ်ဦးအနေဖြင့် ထင်းဖိုးတစ်နှစ် ကျပ်သုံးသိန်းခန့် ကုန်ကျကြောင်း၊ ရေမှာလည်း မိုးတွင်းကာလတွင် တောင်ကျရေကိုသာ ပိုက်နှင့်သွယ် သုံးရကြောင်း၊ မိုးတွင်းကာလ အဆင်ပြေသော်လည်း ရေခဲချိန်တွင် ရေပိုက်ရေခဲသွားသဖြင့် အခက်အခဲဖြစ်ရကြောင်း ဆရာမ ဒေါ်ရီလွမ်းက ရှိန်းခေါင်ဒေသ ပညာရေးဝန်ထမ်းများ၏ အခက်အခဲများကို ပြောပြသည်။

ရှိန်းခေါင်မှ ခေါင်လန်ဖူးမြို့သို့ ကျောင်း ကိစ္စ၊ ရုံးကိစ္စနှင့် လစာလာရောက်ထုတ်သည့်အခါတွင်လည်း လမ်းပန်းဆက်သွယ် ရေးမကောင်းမှုကြောင့် အခက်အခဲများစွာ ရှိကြောင်း၊ ရှိန်းခေါင်မှ ဇန်ဟေ့သို့ဆိုင်ကယ်ဖြင့် သွားရောက်နိုင်သော်လည်း ဆိုင်ကယ်ခမှာ တစ်ဦး ငွေကျပ် ၆၀၀၀၀ ရှိကြောင်း၊ ဆရာမတစ်ဦးတည်းသွား၍ မလွယ်ဘဲ နှစ်ဦးသွားရကြောင်း၊ ဇန်ဟော့မှခေါင်လန်ဖူးကို နှစ်ညအိပ် သုံးရက်ခြေကျင် ထပ်လျှောက်ရကြောင်းကိုလည်း ဆရာမကြီး ဒေါ်ရီလွမ်း က ပြောပြသည်။

ခေါင်လန်ဖူးဒေသတွင် ခေါင်လန်ဖူးမှ ရီဒမ်းသို့သွားသောလမ်း ခေါင်လန်ဖူးမှ တရုတ်နယ်စပ် ရှိန်းခေါင်သို့သွားသောလမ်း ခေါင်လန်ဖူးမှ လဂျာသို့သွားသော လမ်းများရှိသည်။ ထိုလမ်းများအကြား လီဆူနှင့် ရဝမ်တိုင်းရင်းသားတို့၏ ကျေးရွာများရှိနေကြသည်။ ထိုကျေးရွာများမှာလည်း ခေါင်လန်ဖူးမြို့နှင့်အနီးဆုံးမှာ ၁ဝ မိုင်ခန့်ဝေးသည်။ အချို့ မိုင် ၂၀၊ ၃၀ ခြေကျင်ခရီးဖြင့် သွားလာနေကြရသည်။ ရှိန်းခေါင်သည် မိုင် ၉၀ မှ ၁၀၀ နီးပါးရှိကြောင်း သိရသည်။ကျေးရွာများတွင် တာဝန်ကျသော ဆရာ ဆရာမများအနေဖြင့် အနည်းဆုံး ၁၀ မိုင် ခန့်လမ်းလျှောက်သွားမှ ခေါင်လန်ဖူးမြို့ ကို ရောက်နိုင်သည်ဟု ဆိုသည်။ ရုံးကိစ္စ၊ လစာထုတ်ခြင်းတို့တွင် ခေါင်လန်ဖူးမြို့ နှင့် ဆက်သွယ်ဆောင်ရွက်ကြရသည်။ ခေါင်လန်ဖူးဒေသတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများရှိသော်လည်း တာဝန်ကို ကျေကျေနပ်နပ် ပျော်ပျော်ရွှင်ရွှင် ထမ်းဆောင်နေသူ ဆရာများလည်း ရှိတတ်ပါသေးသည်။

ဘာသာစကားအခက်အခဲ

ခေါင်လန်ဖူးမြို့နယ် တာကော် ကျေးရွာအုပ်စု အရင်လေကျေးရွာမှ ဆရာ အထင်ဖုန်က “ကျွန်တော် ဒီဒေသမှာတာဝန်ထမ်းဆောင်တာ ခြောက်နှစ်ရှိပါပြီ။ ၂၀၁၄ ခုနှစ်ကတည်းကပါ။ ပထမနှစ်မှာတော့ အခက်အခဲတွေရှိတယ်။ ဒေသခံ ကလေးတွေက မြန်မာစကားနဲ့သင်တော့နားမလည်ကြဘူး။ အဲဒါနဲ့ သူတို့ပြောတဲ့ လီဆူစကားကို ကျွန်တော်က ပြန်သင်ရတယ်။ ကျွန်တော် က ရဝမ်လူမျိုးဆိုတော့ သင်ရတာတော့ လွယ်ပါတယ်။ သူတို့စကားနဲ့ နားလည်အောင် ရှင်းပြတယ်။ ပြီးတော့ မြန်မာလို သင်ပေးတယ်။ အခုတော့ ကလေးတွေက အတန်းထဲမှာ မြန်မာလို တော်တော်ပြောလာ ကြပါပြီ။ ကိုယ်သင်ပေးတဲ့ကလေးတွေ အခုလိုဖြစ်လာတာတွေ့ရတော့ ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ဒီဒေသကနေ မပြောင်းချင်တာတော့မဟုတ်ပါဘူး။ ဒီဒေသရဲ့အကြောင်းကို သေသေချာချာလေ့လာချင်လို့ပါ” ဟု ပြောပြသည်။

ခေါင်လန်ဖူးဒေသ၌သာမက ကချင် ပြည်နယ်တစ်ခုလုံးတွင် လီဆူ၊ ရဝမ်၊ ဂျိမ်းဖော၊ လော်ဝေါ်အစရှိသောတိုင်းရင်းသားများသည် ကျောင်းမှအပ ကျန်နေရာများ အားလုံးတွင် မိမိတို့ ဘာသာစကားကိုသာ အသုံးပြုပြောဆိုလေ့ရှိကြသည်။ မြစ်ကြီးနား ကဲ့သို့ မြို့ပြများတွင် မြန်မာစကားကိုကောင်းစွာ ပြောဆိုနိုင်ကြသော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး မြို့ပြနှင့် အလှမ်းဝေးသော တောင်ပေါ်ကျေးလက်တောရွာများတွင် မြန်မာစကားတတ်မြောက်ရန် ခက်ခဲလာသည်။

မြန်မာစာ မြန်မာစကားသည် ဗမာလူမျိုးတစ်မျိုးတည်းနှင့်သာ သက်ဆိုင်ခြင်းမဟုတ်။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားအားလုံးနှင့် သက်ဆိုင်သော အမျိုးသား ဘာသာစကားပင် ဖြစ်သည်။ ထိုဘာသာ စကားကို အားလုံးက ပြောနိုင်၊ ဆိုနိုင်ရေးနိုင် သားနိုင်ကြခြင်းဖြင့် ဆက်ဆံရေးနယ်ပယ်သာမက အခြားသော နယ်ပယ်အသီးသီး အတွက်လည်း လွယ်ကူချောမွေ့စွာ ဆောင်ရွက်လုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။

သို့အတွက် ခေါင်လန်ဖူးဒေသသို့ မူလတန်းပြ ဆရာ ဆရာမများ ခန့်ထားစေလွှတ်ခြင်းသည် ဒေသခံကလေးများ မြန်မာစကား၊ မြန်မာစာပေ တတ်မြောက်မှု အားကောင်းစေရန်နှင့် ပညာတတ်မြောက်မှု တိုးတက်မြင့်မားရေးသည် ဒွန်တွဲလျက်ရှိသည်ကို တွေ့ရသည်။ ကျွဲကူးရေပါဆိုသည့် အတိုင်း ကလေးများကို မူလတန်းပညာသင်ကြားပေးရင်း မြန်မာစကားအသုံးပြုမှု ကျယ်ပြန့်လာရေးပင်ဖြစ်ပါသည်။

 

mdn

 

ချီးကျူးရမည့် ဆရာ ဆရာမများ

မြန်မာနိုင်ငံတွင် တစ်ခေတ်တစ်ခါက စာမတတ်သူပပျောက်ရေး “အ” သုံးလုံး လှုပ်ရှားမှုကြီးကို တက္ကသိုလ်ကျောင်းသားကျောင်းသူများက ဦးဆောင်ကာဆောင်ရွက်ခဲ့ဖူးသည်။ ထိုလှုပ်ရှားမှုကြီးကြောင့် မြန်မာ နိုင်ငံအနှံ့ ကျေးလက်တောရွာများတွင်  နေထိုင်ကြသော တောင်သူဦးကြီးများ၊ တောရွာနေသူများ သေစာ ရှင်စာဖတ်နိုင် သော အဆင့်အတန်းတစ်ခုသို့ ရောက်ခဲ့လေသည်။

ယခုမူ တက္ကသိုလ်ဘွဲ့ရ လူငယ်ဆရာ ဆရာမများက ခက်ခဲကြမ်းတမ်းလှသော  ခရီးကြမ်းကို ခြေကျင်ခရီးဖြင့် အရောက်လာ၍ ခေါင်လန်ဖူးဒေသ ကလေးငယ်များ၏ စာသင်ခန်းများတွင် ပညာသင်ကြားပေးနေကြပြီဖြစ်သည်။ နောင်အနာဂတ်တွင်  ခေါင်လန်ဖူးဒေသက ကလေးများ မြန်မာ  စကားကို ကျွမ်းကျင်စွာပြောဆိုနိုင်ကြတော့မည့်အပြင် ပညာတတ်များပါ ပေါ်ထွန်း လာတော့မည်။ ဆရာ ဆရာမများ၏ ဇွဲ၊ လုံ့လ နှင့် ရဲစွမ်းသတ္တိကို မချီးကျူးဘဲမနေနိုင်ကြပါ။

“ဒီလောက် ခက်ခဲကြမ်းတမ်းလှတဲ့ ခရီးကိုရောက်အောင် လာရောက်နိုင်ခြင်းကပင် အလွန်ချီးကျူးစရာကောင်းပါတယ်”  ဟု ခေါင်လန်ဖူးမြို့နေ ဒေသခံတစ်ဦးဖြစ်သူ ဦးဂျေဖူက ဆိုသည်။

မှန်ပါသည်။ ပူတာအို-ခေါင်လန်ဖူး လမ်းသည် သာမန်မြေပြင်လမ်း မဟုတ်ပါ။ တောအထပ်ထပ်၊ တောင်အထပ်ထပ် ဖြတ်သန်းလာခဲ့ရသောလမ်း၊ အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရသောလမ်း၊ အသက်အန္တရာယ် ကြုံတွေ့နိုင်သောလမ်း၊ ခယောင်းဆုံးတော လမ်းပင်ဖြစ်ပါသည်။ ။

ခေါင်လန်ဖူးမြို့ အထကကျောင်းရှေ့ မျက်နှာစာ မြက်ခင်းတွင် ရာသီအလျောက် ပွင့်သော လိမ္မော်ရောင်ခတ္တာပန်းလေးများ ပွင့်လန်းနေကြပြီ။ စာသင်ခန်းများဆီမှ ကလေးများ၏ ကဗျာရွတ်ဆိုသံကို ကြားရ သည်။

တို့ချစ်တဲ့ မြန်မာပြည် သာယာလှပသည် xxx

တိုင်းရင်းသားစုံညီ

ပေါင်းစုနေကြသည် xxx

ထာဝစဉ်သာ အမြဲပဲ

သွေးစည်းချစ်ကြသည် xxx

ညီ-ညီနောင်သားချင်း ရိုင်းပင်းမည် xxx

ငြိမ်းချမ်းတဲ့နိုင်ငံ

အတူယှဉ်တွဲဆောက်မည် xxx

ကမ္ဘာ့ရဲ့ အလယ်မှာ

တို့တစ်တွေဝင့်ကြွားမည် xxx

မြန်မာ့အလင်း