ခေါင်လန်ဖူးပညာရေးနှင့် ခယောင်းလမ်းမှာ ပွင့်သောပန်း(၄)

 

မြင့်မောင်စိုး

လော်ဒဲလားစခန်းမှစထွက်တော့ နံနက် ၈ နာရီထိုးပြီ။ ထုံးစံအတိုင်း နံနက်စာကို အဆင် ပြေသလို စီစဉ်စားသောက်ကြပြီး လမ်းခရီး ဘေးအန္တရာယ်ကင်းရှင်းစေခြင်းငှာ ဆုတောင်း ကြကာ ခရီးစဉ်သစ်ကို စကြသည်။ ခရီးစဉ်ကို ပြန်ပြောင်းကြည့်လျှင် ပူတာအိုတွင် တစ်ည၊ ငါ့လုံဒမ်းတွင် တစ်ည၊ နုဝမ်ဂေါင်တွင် တစ်ည၊ လော်ဒဲတွင် နှစ်ညအိပ်ခဲ့သည်။ ခရီးတစ်ထောက် နားခိုရာစခန်းအရကြည့်လျှင် ပူတာအိုမပါဘဲ စခန်းသုံးခု နားခိုခဲ့ပြီဖြစ်သည်။ လော်ဒဲလား စခန်းတွင် နှစ်ညတာအိပ်ထား၍ အားလုံးက လန်းဆန်းတက်ကြွနေသည်။ ခြေလှမ်းများက ပိုသွက်နေသည်။

 

"ဒီနေ့သွားရမယ့် ခရီးကတော့ သက်သောင့်သက်သာပါပဲ။ ခုနစ်မိုင်လောက် သွားရလိမ့်မယ်။ ဖြည်းဖြည်းသွားကြတာ ပေါ့" ဟု ခရီးစဉ်ကို ဦးဆောင်သူ ကိုဂျေရဲဆာ က လှမ်းပြောလိုက်သည်။

ခုနစ်မိုင်ဆိုသောခရီးသည် တောင်ပေါ် သားများအတွက် အပန်းမကြီးသော်လည်း မြေပြန့်နေသူများအဖို့တော့ တော်တော်လေး ကြိတ်မှိတ်တက်ရသည့် ခရီးဖြစ်သည်။ တစ်နေကုန်အောင်သွားရသည့် ခရီးဖြစ်သည်။ စထွက်သည်နှင့် အတက်ခရီးချည်းသာ။ အဆင်းမရှိ။ တစ်တောင်ကျော် တစ်တောင် တက်နှင့် ခရီးဆက်ခဲ့ကြသည်။ တောင်ကြီးတွေ မြင့်သည်ထက်မြင့်လာသည်။ အောက်ကို ကြည့်လိုက်လျှင် အလွန်နက်ရှိုင်းလှသော ချိုင့်ဝှမ်းကြီးတစ်ခုအဖြစ်သာ တွေ့ရ

သည်။

ထိုနေ့က နေသာသည်။ အမြဲတမ်းလိုလို တိမ်များထူထပ်နေသော တောင်တန်းကြီးများ သည် စိမ်းစိမ်းညို့ညို့ သာသာယာယာ ရှိလှ သည်။ လမ်းလျှောက်ခရီးသည် ပင်ပန်းသော် လည်း ရွှင်လန်းနေသည်။ ထို့ကြောင့်လည်း ဆရာဒိုင်ဇောင်းက သူ့စိတ်ထဲရှိ သီချင်းစာသား တစ်ခုကို သီဆိုလိုက်သည်။

 

(ခေါင်လန်ဖူးကို သွားစို့ကွယ် x x x အောင်လံခူးဖို့ကွယ် x x x) ၂

"ဘာတွေများ အောင်လံခူးမှာလဲဗျ”လို့ကျွန်တော်က မေးတော့ "ခေါင်လန်ဖူးဒေသက အနာဂတ်ကြယ်ပွင့်လေးတွေ လင်းလက် တောက်ပဖို့ ကျွန်တော်တို့ ကိုယ်တတ်တဲ့ ပညာနဲ့ စာသွားသင်ပေးမယ်လေ"

သူပြောတော့လည်း မှန်ပါသည်။ ခေါင်လန်ဖူးဒေသ ဝေးလံခေါင်ဖျားကျေးရွာ လေးများရှိ တိုင်းရင်းသားညီအစ်ကိုများ၏ ရင်သွေးငယ်များအား ခက်ခက်ခဲခဲသွားရောက် ပညာသင်ကြားပေးရခြင်းသည် အလွန်မွန်မြတ် သောအလုပ်ပင်ဖြစ်သည်။ အသက်အန္တရာယ် ကြားက စွန့်စွန့်စားစားသွားရောက်ရသည့် ခရီးဖြစ်သောကြောင့် ပို၍မြတ်သောအလုပ်ပင် ဖြစ်သည်။

 

လော်ဒဲမှ ထွက်ခွာခဲ့သည်မှာ အတော်ပင် ခရီးပေါက်ခဲ့ပြီ။ MRTV နှင့် ဆရာ ဆရာမများ အဖွဲ့သည် ငယ်ရွယ်သူများဖြစ်ကြသည့် အ‌လျောက် ရှေ့ခရီးတော်တော်ရောက်နှင့်ပြီ။ ကျွန်တော်နှင့် ကိုဂျေရဲဆာတို့သာ နောက်မှာ ကျန်ခဲ့သည်။ ကိုဂျေရဲဆာသည် ညက နေမကောင်းထား၍ ဖြည်းဖြည်းသာ သွားနိုင် သည်။ ကျွန်တော်သည်လည်း အသက်အရွယ် ရလာပြီဖြစ်၍ အန္တရာယ်မဖြစ်အောင် မှန်မှန်သာ လျှောက်ရသည်။

 

မြို့ဖြစ်ခဲ့သော ခေါ်ဘူဒဲ

 

"ဒီနေရာက ခေါ်ဘူဒဲလေ။ အစက မြို့ပေါ့။ အင်္ဂလိပ်လက်ထက်က မြို့ဖြစ်ခဲ့ပါတယ်။ နဝတလက်ထက်မှာ ခေါ်ဘူဒဲကနေ ခေါင်လန်ဖူး ကို မြို့ပြောင်းရွှေ့သွားတယ်။ အဲဒီတုန်းက အစိုးရရုံးတွေ ခေါ်ဘူဒဲကနေ ချက်ချင်းဖျက်ပြီး တော့ ခေါင်လန်ဖူးကို ပြောင်းသွားတာ။ ခေါ်ဘူဒဲက ကုန်းမြင့်လို့တဲ့။ နိမ့်ပြီး သွားလို့ လာလို့ အဆင်ပြေတဲ့ ခေါင်လန်ဖူးကို ပြောင်း တယ်လို့တော့ ပြောကြတာပဲ"ဟု ကိုဂျေရဲဆာက အထက်ကုန်းအမြင့်တစ်နေရာကို လက်ညှိုးဖြင့် ထိုးပြရင်း ပြောပြလေသည်။

 

စကားပြောရင်း နှစ်ယောက်သား လမ်းလျှောက်လာလိုက်တာ ခဏနေကြာတော့ လှပသော လှေကားထစ်စိုက်ခင်းကို တွေ့သည်။ လှေကားထစ်စိုက်ခင်းအတွင်း အလုပ်လုပ်နေ သူကို ကိုဂျေရဲဆာက လီဆူဘာသာစကားဖြင့် လှမ်းနှုတ်ဆက်သည်။ နှုတ်ဆက်သူမှာ သူ့ဦးလေးဟု ကိုဂျေရဲဆာက ဆိုသည်။ သို့နှင့် ရေနွေးသောက်ရအောင် လှမ်းခေါ်နေ၍ တောင်အောက်သို့ ခဏဆင်းခဲ့ကြသည်။

 

ကိုဂျေရဲဆာ၏ ဦးလေးဖြစ်သူ ဦးဂျေဖာဝူက သူ့တဲအတွင်း ရေနွေးကျိုတိုက်ရင်း လှေကားထစ် စိုက်ပျိုးရေးအကြောင်းနှင့် သူ့သားသမီးများကို ပညာတတ်ဖြစ်အောင် ကျောင်းထားပေးရပုံ များကို ပြောပြသည်။

"ကျွန်တော်တို့ဆီမှာက တောင်ယာသိပ် မစိုက်ကြတော့ဘူး။

လှေကားထစ်ကိုပဲ ဦးစားပေး စိုက်ကြရင်းနဲ့ နောက်ဆုံးတော့ လှေကားထစ်စိုက် တာ များလာတာပေါ့။ ကျွန်တော်က နှစ်ဧက ကျော်ကျော်လောက် စိုက်တယ်။ လှေကားထစ် စပါးကိုတော့ ဇူလိုင် ၁၃ ရက်လောက်မှာ စစိုက် တယ်။ အောက်တိုဘာလ တတိယပတ်လောက် မှာ ရိတ်တယ်။ အထွက်နှုန်းကတော့ ပုံး ၁၀၀ လောက်ထွက်ပါတယ်"ဟု ခေါ်ဘူဒဲကျေးရွာ (မြို့ဟောင်း)မှ လှေကားထစ်တောင်သူ ဦးဂျေဖာဝူက ရှင်းပြသည်။

 

လှေကားထစ်စိုက်ခင်း

 

ခေါင်လန်ဖူးဒေသတွင် စပါးအခြင်အတွယ် ကို တင်းနှင့်မသုံးဘဲ ပုံးဖြင့်သာ သုံးကြသည်။ တစ်ပုံးတွင် ရှစ်ပြည်ရှိကြောင်း သိရသည်။ နှစ်ပုံးမှ တစ်တင်းဖြစ်သည်။ တစ်ဧကလျှင် တင်း ၅၀ ခန့်သာ ထွက်သည့်သဘောဖြစ်သည်။ ထွက်လာသည့် စပါးကိုလည်း ဆန်အဖြစ် ကြိတ်ခွဲရောင်းချလေ့မရှိကြောင်း၊ စပါးကိုသာ တစ်ပုံးလျှင် ကျပ်တစ်သောင်းဖြင့် ရောင်းချပေး ကြောင်း သိရသည်။ ကြိတ်ခွဲ၍ ထွက်လာသော ဆန်မှာ အနီရောင်ခွံနီဆန်ဖြစ်သည်။ မြေပြန့် ဒေသတွင် ထိုဆန်ကို လုံးတီးဆန်ဟု ခေါ်ကြ သည်။ ထိုလုံးတီးခွံနီဆန်ကိုပင် ခေါင်လန်ဖူး ဒေသတွင် တိုင်းရင်းသားများက ဒေသဆန် အဖြစ် အမြတ်တနိုး စားသုံးကြသည်။

 

ဦးဂျေဖာဝူ၏ တောင်သူတဲမှ လှေကားထစ် စိုက်ခင်းများကိုကြည့်ရင်း တောင်ပေါ်လမ်းပေါ် သို့တက်လာကာ ထလားလော်ကျေးရွာသို့ ခရီး ဆက်ကြပြန်၏။ တစ်တောင်ကျော် တစ်တောင် တက် ခရီးဆက်ခဲ့ကြပြီးနောက် ညနေစောင်း တော့ ထလားလော်ကို ရောက်သည်။ နာရီကြည့် လိုက်တော့ ညနေ ၄ နာရီတိတိ။

 

ဆရာမ ဒေါ်ခေါ်နူးနှင့် ဆရာမ ဒေါ်စီစီခွန် ထွေးတို့ ရွာအဝင်လမ်းသို့ လေးလံသော ခြေလှမ်းများဖြင့် တောင်ဝှေးတုတ်များ တစ်ဒေါက်ဒေါက်ထောက်ကာ ဝင်လာကြ၏။

 

"ခေါင်လန်ဖူးကိုလာရင်း လမ်းမှာ လေးည အိပ်ခဲ့ပြီ။ တောင်တွေကို အတော်တက်ရတယ်။ လမ်းကလည်း ဆိုး၊ ရွှံ့ကလည်းထူ၊ ကျွတ်က လည်း ကိုက်နဲ့ အတော်ကို ပင်ပန်းလှပါတယ်။ ခေါင်လန်ဖူးက လမ်းတွေကောင်းအောင် လုပ်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။ ဒါမှ အားလုံး သွားလို့ လာလို့ အဆင်ပြေမှာပါ။ မဟုတ်ရင် ကျွန်မတို့ဆရာမတွေအတွက် ခရီးက ပင်ပန်းဆင်းရဲနေကြဦးမှာပါ" ဟု တနိုင်းမြို့မှ ခေါင်လန်ဖူး ဖာဒါးအခြေခံပညာမူလတန်း ကျောင်းသို့ သွားရောက်တာဝန်ထမ်းဆောင် မည့် ဆရာမဒေါ်ခေါ်နူးက ပြောသည်။

 

ညနေဆည်းဆာ နေသာနေသဖြင့် ထလား လော်ကျေးရွာအနီးရှိ မိုးထိမြင့်မားတောင်ကြီး များသည် နေရောင်အောက်တွင် ရွှေရောင် တောက်နေကြ၏။ အိမ်ခြေမများသော ထလားလော်ကျေးရွာကို တောင်အောက်တွင် ရေတံခွန်ချောင်း၊ ကြိုးတံတားတို့နှင့် လှပစွာ တွေ့ရသည်။ ရွာစာသင်ကျောင်းကိုတော့တောင်စွန်းတစ်နေရာတွင် နိုင်ငံတော်အလံ တဖြတ်ဖြတ်နှင့် ပနံသင့်လျက်တွေ့ရသည်။

ထလားလော်ကျေးရွာအလှ

ရွာအဝင်လမ်းထိပ်တွင် ခေါင်လန်ဖူး မြို့နယ် ထလားလော်ကျေးရွာမှ ကြိုဆိုပါ၏ ဟူသော ဆိုင်းဘုတ်ကို သေသပ်လှပစွာ စိုက်ထူ ထား၏။ ခရီးဝေးမှလာသော ခရီးသည်များ နားခိုနိုင်မည့် ထိုင်စရာခုံတန်းလေးများကိုလည်း ရွာအဝင်လမ်းတွင် တွေ့သည်။ နေအိမ်များ ရှေ့တွင်လည်း စားပွဲပေါ်၌ ဓာတ်ဘူး၊ သောက် စရာ ပန်းကန်၊ ထိုင်စရာခုံလေးများဖြင့် အဆင် သင့်ပြင်ထားသည်။ သို့သော် အိမ်၌ လူမရှိ။ တံခါးများ ပိတ်ထားကြ၏။ နံနက်ကတည်းက တောင်ယာလုပ်ငန်းခွင်သို့ တံခါးပိတ် ထွက်သွားကြဟန်တူ၏။

ရွာအဝင်လမ်းတစ်လျှောက် ကလေး တစ်သိုက် ဆော့ကစားနေကြသည်။ ကုန်တင် လားတစ်အုပ် တောင်ပေါ်မှဆင်းလာသည်။ လားများပေါ်မှ အထုပ်အပိုးများချကာ တစ်ညတာ နားခိုကြသည်။ ကျွန်တော်တို့ တစ်ဖွဲ့လုံး ကျောင်းဆရာကြီး ဦးလေမယ်ဆဲ နေအိမ်တွင် နားကြသည်။

ဆရာ့နေအိမ်တွင် ဒေသခံကျောင်းဆရာမ ကြီးတစ်ဦးက ပြောင်းဖူးပေါက်ပေါက်များဖြင့် ဧည့်ခံ၏။ ခရီးဝေးမှလာသော ကျောင်းဆရာမ များ အမောတကော ပြောင်းဖူးပေါက်ပေါက်ကို တဖြောက်ဖြောက်ဖြင့်စားကြ၏။ ခဏနားကြ ပြီး ရေတံခွန်ချောင်းတွင် အဝတ်လျှော်၊ ရေချိုး ကြ၏။ တောင်ကျချောင်းရေများဖြစ်၍ အလွန် အေးစိမ့်နေ၏။

ဆန်နီထမင်း ရိုးရာဟင်း

ဆရာကြီး ဦးလေမယ်ဆဲက ထိုညတွင် အထူးတလည် လီဆူရိုးရာထမင်းဖြင့် ဧည့်ခံ ကျွေးမွေးသည်။ ဒေသဆန် ဆန်နီထမင်းကို ဖက်နှင့်ထုပ်ထားသည်။ ကြက်သားကြော်ချက် လည်းပါသည်။ အချိုမှုန့်လုံးဝသုံးထားခြင်း မရှိသော မုန်ညင်းစိမ်းဟင်းတစ်ခွက်လည်း ပါ၏။ တစ်နေကုန် လမ်းလျှောက်ခရီးနှင်ခဲ့ရ သောကြောင့် နေ့လယ်စာ မစားဖြစ်ခဲ့ကြ။ ညမှ ပေါင်းစားကြခြင်းဖြစ်သည်။ မောမောနှင့် စားလိုက်ကြသည့် လီဆူရိုးရာထမင်း။ မမေ့နိုင်စရာ ထမင်းပွဲကြီးပင် ဖြစ်တော့သည်။

ထိုကျေးရွာတွင် လျှပ်စစ်မီးလည်း ရသည်။ လျှပ်စစ်မီးဆို၍ ဓာတ်အားလိုင်းဖြင့် သွယ်တန်း သော လျှပ်စစ်မဟုတ်။ တောင်ကျရေ ကောင်းသောနေရာတွင် တစ်အိမ်ထောင်သုံး ပန်ကာတပ် ဒိုင်နမိုများ ချထားခြင်းဖြစ်သည်။ ရေအားဖြင့် ပန်ကာကိုလည်စေပြီး ဒိုင်နမိုမှ လျှပ်စစ်ဓာတ်အားကို ထုတ်ပေးခြင်းဖြစ်သည်။ တစ်အိမ်စာအတွက် ရုပ်မြင်သံကြားစက်၊ မီးထွန်းရန်နှင့် ဖုန်းအားသွင်းရန်အတွက် အဆင်ပြေသည်။ ထိုတစ်အိမ်ထောင်သုံး ရေအားလျှပ်စစ်စက်များဖြင့် တစ်ရွာလုံး အဆင်ပြေသည်။

ထလားလော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလေမယ်ဖူးက "ကျွန်တော်တို့ထလားလော် ကျေးရွာအုပ်စုမှာတော့ အိမ်ခြေက ၄၃ အိမ် ရှိတယ်။ လူဦးရေကတော့ ၂၇၅ ဦးရှိပါတယ်။ လျှပ်စစ်မီးကိုတော့ တရုတ်နိုင်ငံကလာတဲ့ တစ်အိမ်ထောင်သုံးစက်တွေနဲ့ပဲ သုံးကြတယ်။ ဒီဒေသမှာတော့ တောင်ယာပဲ အဓိကထား လုပ်ကိုင်စားသောက်ကြပါတယ်။ ကျွန်တော်တို့ ဒေသရဲ့ ပညာရေးကတော့ အရင်နှစ်တွေက ဆရာ ဆရာမတွေ မလာကြဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကမှ နိုင်ငံတော်က ဆရာ ဆရာမ တွေလွှတ်ပေးလို့ လာရောက်တာ များလာပါ တယ်။ ကလေးတွေလည်း ဗမာစကား ပြော တတ်လာကြတယ်။ ပညာလည်း တော်လာကြ ပါတယ်။ မဟုတ်ရင် လီဆူဆို လီဆူစကား၊ ရဝမ်ဆို ရဝမ်စကားပဲ ပြောရတော့မှာပါ" ဟု ပြောပြသည်။

ခေါင်လန်ဖူးဒေသတွင် လီဆူနှင့် ရဝမ် တိုင်းရင်းသားနှစ်သာ အဓိကနေထိုင်ကြ သည်။ မိသားစုများအလိုက် နေအိမ်များတွင် မိမိတို့ဘာသာစကားကိုသာ အသုံးပြုပြောဆို ကြသည်။ မြန်မာဘာသာစကားဖြင့် ပြောဆိုမှု မှာ အလွန်ပင်ရှားပါးသည်။ သို့အတွက်ကြောင့် လည်း ကလေးများမှာ မြန်မာစကား တတ်မြောက်မှု တဖြည်းဖြည်းနည်းပါးလာကြ သည်။ ကျောင်းများတွင် မြန်မာဘာသာစကား ဖြင့် သင်ကြားမှုအခက်အခဲဖြစ်လာသည်။ ထို့ကြောင့်လည်း ခေါင်လန်ဖူးဒေသသို့ ဆရာ ဆရာမများ နိုင်ငံတော်အစိုးရက အလေးအနက် ထား စေလွှတ်ပေးလျက်ရှိကြောင်း သိရသည်။

ခရီးတစ်ထောက်ဝင်ရောက်စာသင်

နောက်တစ်နေ့နံနက်တွင် ခဏတာ ခရီးတစ်ထောက်နားကြသော ဆရာ ဆရာမ များသည် ထလားလော်မူလတန်းလွန်ကျောင်း သို့သွားရောက်ကာ ကလေးငယ်များအား စာသင်ပေးကြသည်။

တို့ချစ်တဲ့မြန်မာပြည် သာယာလှပသည်x x

တိုင်းရင်းသားစုံညီ ပေါင်းစုနေကြသည် x x x

ထာဝစဉ်သာ အမြဲပဲသွေးစည်းချစ်ကြသည် xx

စာသင်ကျောင်းလေးအတွင်း ငြိမ်းချမ်းတဲ့ မြန်မာပြည်ကဗျာလေးကို ကလေးများက စည်းဝါးညီညီ စုပေါင်းသီဆိုလျက်ရှိသည်။တောင်ကုန်းထိပ်ရှိ ထလားလော်မူလတန်းလွန် ကျောင်းလေးသည် ကလေးများ၏ကဗျာရွတ် ဆိုသံကြောင့် အဓိပ္ပာယ်လေးနက်စွာ တည်ငြိမ် အေးချမ်းလျက်ရှိသည်။ မြင့်မားသော တောင် တန်းကြီးများသည် စာသင်ကျောင်းလေးဆီမှ ကလေးများ၏ ကဗျာရွတ်ဆိုသံကို နဝင်ပီယံ ချိုမြစွာ နားဆင်နေကြသည်။

ညီ-ညီနောင်သားချင်းရိုင်းပင်းမည် x x x

ငြိမ်းချမ်းတဲ့နိုင်ငံအတူယှဉ်တွဲဆောက်မည်xx

ကမ္ဘာ့ရဲ့အလယ်မှာတို့တစ်တွေဝင့်ကြွားမည်xx

ဆရာလဆန်း၊ ဆရာမနန်းမွေလွန်းတို့ Grade 3 သင်ခန်းစာသစ်ထဲက ငြိမ်းချမ်းတဲ့ မြန်မာပြည်ကဗျာလေးကို ရှေ့က တိုင်ပေးပြီး ကလေးများက လိုက်ဆိုနေကြခြင်းဖြစ်သည်။

 

ဆရာဒိုင်ဇောင်းကလည်း

လယ်ကွင်းကြီးထဲမှာxx ကြက်ဥကောက် စို့ကွယ်xx ကြက်မကြီးက ထွက်သွားတယ်xxx

အစချီသော ကဗျာလေးကို အမူအရာနှင့် တကွ သင်ပေးရာ ကလေးများ အတော်လေးကို သဘောကျနေကြသည်။ စာသင်ခန်း၏ အခြား တစ်ဖက်ရှိ အခြားသောစာသင်ခန်းများတွင် လည်း စာသင်သံ၊ စာအံသံများဖြင့် ဝေစည် လျက်ရှိသည်။

 

ထိုအချိန်တွင် စာသင်ခန်းပြတင်းပေါက်ကို မေးထောက်ကာ လာရောက်နားထောင်ကြည့်ရှု နေသူ ကျောင်းသားမိဘတစ်ဦးက "ကျွန်မတို့ ကလေးတွေကို အခုလို အားတက်သရော ဆရာ ဆရာမတွေက လာရောက်စာသင်ပေး နေတာတွေ့ရတော့ ဝမ်းသာသလိုလို၊ ဝမ်းနည်း သလိုလို၊ ဘယ်လိုကြီးမှန်းတောင် မသိဘူး။ စိတ်ထဲမှာ တစ်မျိုးကြီးပဲ ဆရာရယ်။ အရင်က ဒီလိုဆရာတွေနဲ့ မသင်ခဲ့ရလို့လား မသိဘူး။ လေးတန်းရောက်တာတောင် မြန်မာစကား မပြောတတ်တဲ့ ကလေးတွေ ရှိတယ်။ ဆရာ တွေသင်ပြနေတာတွေ့ရတော့ မြန်မာစကား ပြောပြီး စာတော်တဲ့ကလေးတွေ ဖြစ်လာ တော့မှာမို့ ပြောမပြတတ်အောင် ဝမ်းသာမိ ပါတယ်"ဟု ဆိုသည်။

 

ဤသို့ဝမ်းနည်းဝမ်းသာရှိနေခြင်းကပင် ခယောင်းလမ်းမျက်ရည်၊ ပန်းမျက်ရည်လို့ ဆိုရ မည်လား။

 

မှန်ပါသည်။ ဤရွေ့ ဤမျှခက်ခဲကြမ်းတမ်း လှသောခရီးကြမ်းကို စေတနာ၊ ဝါသနာ၊ အနစ်နာ ဆိုသော နာသုံးနာကို ရင်ဝယ်ပိုက်လျက် ခေါင်လန်ဖူးဒေသက ကလေးများ စာတတ် ပေတတ်တွေဖြစ်ပါစေဆိုသော ဆန္ဒမွန်ဖြင့် ခရီးကြမ်း ခယောင်းလမ်းကို နှင်ခဲ့ပါပြီ။ ခယောင်းလမ်းမှာ မျက်ရည်များလည်း ကျခဲ့ရပါပြီ။

 

ခေါင်လန်ဖူးဒေသတွင် ထိုကျောင်းသား မိဘလို ဝမ်းနည်းဝမ်းသာဖြစ်နေသော ကျောင်းသားမိဘများ အများအပြားရှိနေမည် မှာသေချာသည်။ အဘယ်ကြောင့်ဆိုသော် ယခုနှစ် ခေါင်လန်ဖူးဒေသသို့ နိုင်ငံတော်က စေလွှတ်လိုက်သော ဆရာ ဆရာမများသည် တတိယတန်းသင်ခန်းစာကို စနစ်သစ် သင်ကြားမှုဖြင့် ဆွဲဆောင်မှုရှိအောင် စိတ်ရော ကိုယ်ပါ သင်ကြားပေးကြမည်ဖြစ်သည်။ ထို့အတွက် အနာဂတ်တွင် ခေါင်လန်ဖူးဒေသက ကလေးလေးတွေ ပညာတတ်တွေဖြစ်လာဖို့ ရှိပါသည်။

 

၁၂ မိုင် ခြေကျင်ခရီး

 

နောက်တစ်နေ့နံနက် ထလားလော်မှ ခေါင်လန်းဖူးသို့ ခရီးဆက်ခဲ့ကြသည်။ ခရီး စတင်သည်နှင့် အတက်ခရီးဖြစ်သည်။ ဤခရီး သည် ခေါင်လန်ဖူးသို့ရောက်ရန် နောက်ဆုံး ခြေကျင်ခရီးပင်ဖြစ်သည်။ ခရီးသည် ကြမ်း နေဆဲ၊ အတက်အဆင်း၊ အကွေ့အကောက် များနေဆဲပင်ဖြစ်သည်။

 

"ဒီနေ့ခရီးကတော့ မိုင်နည်းနည်းများတယ်။ ၁၁ မိုင်၊ ၁၂ မိုင်လောက် လျှောက်ရလိမ့်မယ်။မိုးမချုပ်အောင် သွက်သွက်သွားမှရမယ်" ဟု ဦးဆောင်သူ ကိုဂျေရဲဆာက ပြောသည်။

 

ခရီးမိုင် ၁၂ မိုင်လောက် လျှောက်ရမည် ဆို၍ စတင်ထွက်စဉ်ကပင် ခြေလှမ်းကျဲကျဲ ခပ်မြန်မြန် ခပ်သွက်သွက် လျှောက်ကြလေ သည်။ တာစထွက်စဉ် တစ်ဖွဲ့လုံးအတူတူ ဖြစ်ကြသော်လည်း ခြေလှမ်းမြန်သူလူငယ်များ ရှေ့ဆုံးမှရောက်သွားရာ အသက်အရွယ်ရလာ သော ကျွန်တော်နှင့်ဝေးသည်ထက် ဝေးသွားခဲ့ လေပြီ။ နောက်ဆုံးခရီးသွားဖော်များအားလုံး မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ပြီ။ လူသံသူသံ များပင်မကြားရတော့။ ကျွန်တော်တစ်ဦးသာတောနက်ကြီးအတွင်း ကျန်ရစ်ခဲ့တော့သည်။

 

လမ်းတစ်လျှောက် "ဘွတ်ကလုံ ဘွတ်က လုံ"ဟူသော ငှက်သံတစ်မျိုးကိုသာ ကြားရသည်။ ထိုငှက်သံကို အဖော်ပြုရင်း လျှောက်ခဲ့ရသည်။ ခြေလှမ်း ၅၀ လှမ်းပြီးတိုင်း အသက်ရှူနားလိုက်၊ ဟိုဟိုဒီဒီကြည့်လိုက်ဖြင့် ခရီးဆက်ခဲ့သည်။ တစ်ခါတစ်ရံ လျှောက်နေသောလမ်းဘက်သို့ လဲကျနေသော ဝါးပင်ဝါးတောများအောက်မှ ဖြတ်သွားရသည်။ တစ်ခါတစ်ရံ ရွှံ့တော ဗွက်တောထဲ ဆင်းသွားရသည်။ တချို့နေရာ များတွင် တက်လို့အဆုံးမသတ်အောင် တောင် တက်နေရတော့သည်။

 

ပျားပိတုန်းများ ဝိုင်းအုံကိုက်

 

တစ်နေရာအရောက်တွင် အလွန်မောပန်း နေပြီဖြစ်၍ ခဏရပ်နားလိုက်သည်။ မနက် စောစောခရီးစထွက်စဉ်က ရေကျက်အေးနှင့် လီမွန်အမှုန့်ရောဖျော်ပြီး ထည့်လာခဲ့သော ရေဘူးကိုအသာဖွင့်၍ ရေအဆာပြေ တစ်ငုံ သောက်လိုက်သည်။ ထိုအခိုက် ပျားပိတုန်းလို အကောင်များ တဝီဝီနှင့်ဝိုင်းလာ၍ မနည်းလွတ် အောင်ပြေးရသည်။ သို့သော်လည်း နောက်မှ တဝီဝီအော်မြည်လျက် လိုက်မြဲလိုက်နေဆဲ ဖြစ်သည်။ ပါလာသောထီးဖြင့် ယမ်းထုတ်သော် လည်း လိုက်မြဲလိုက်၍သာ။

 

မောပန်းလှပြီဖြစ်သော်လည်း ရပ်မနေနိုင်။ တဖြည်းဖြည်း တအိအိလျှောက်လာခိုက် ထမင်းလုံးခန့်အရွယ်ရှိ အမည်မသိ စိမ်းစိမ်း အကောင်တစ်ကောင်က လက်ဝဲဘက် လက်ဖမိုးပေါ်သို့ ဖြတ်ခနဲ ပြေးကပ်လာသည်။ ယားကျိကျိဖြစ်၍ အတင်းဆွဲခွာလိုက်ရာ သွေးများ ဖြာခနဲထွက်လာသည်။ သွေးပေါက်ကို လက်တစ်ဖက်နှင့်ဖိနှိပ်ရင်း မနည်းသုတ်ချည် တင် လျှောက်လာသည်။ မော၍ရပ်နေလို့လည်း မရ။ တစ်ချိန်လုံး အမောတကောလျှောက်နေ ရသည်။ ခြေသလုံးနှင့် လက်တို့တွင် ကျွတ်များ ကိုက်ထား၍ တစ်ကိုယ်လုံး သွေးညှီနံ့နှင့် ချွေးနံ့များသာ ထွက်နေသည်။ ထို့ကြောင့်လည်း မှက်၊ ခြင်များ၊ ဖြုတ်၊ ပိတုန်းကောင်များက ရှေ့ကတစ်မျိုး နောက်ကတစ်ဖုံ ဝိုင်းအုံလိုက် ကိုက်နေကြသည်။

 

အိပ်မက်ထဲတွင် တစ်ခုခုနောက်မှလိုက်၍ ပြေးနေရသဖြင့် မောမောပန်းပန်းဖြစ်နေသော အိပ်မက်မျိုးကို မက်ဖူးကြပေလိမ့်မည်။ ယခု ကြုံတွေ့ခဲ့ရသော ထိုဖြစ်စဉ်သည် အိပ်မက် မဟုတ်။ တကယ့်လက်တွေ့ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

 

တစ်နာရီခန့် ပြေးရင်းလွှားရင်း ဆက်လျှောက်တော့ ရှေ့ကအဖွဲ့ စခန်းတစ်ခု၌ နားနေသည်ကိုတွေ့ရ၍ အားရှိသွားသည်။ ဝါးဖြင့်ပြုလုပ်ထားသော စားပွဲပေါ်တွင် အဖြူ ရောင်ဓာတ်ဘူးကြီးနှစ်လုံးနှင့် သောက်စရာ ဝါးဖြင့်ပြုလုပ်သော ခွက်များကို တွေ့ရသည်။ မနက်ကယူလာသော ပဲပုပ်နှင့် ထမင်းကို မောလွန်း၍ ကျွန်တော်မစားနိုင်တော့။ စားနိုင် သူများကိုသာ ပေးလိုက်ပြီး ဓာတ်ဘူးကြီးထဲမှ ရေနွေးဖြူကို နှစ်ခွက်၊ သုံးခွက် တဖူးဖူးမှုတ် သောက်လိုက်ရာ ရေငတ်ပြေသွားသည်။ အများစုက ပါလာသောထမင်းကို ဖြေစားသူစား၊ ရေနွေးသောက်သူသောက်ဖြင့် တဲစခန်းသည် သူတို့အတွက် ဘုံနန်းဖြစ်နေပြန်သည်။ ဆောက်ထားသောတဲစခန်းသည် သိပ်ကြာသေး ပုံမရ။ အသုံးပြုထားသောဝါးများသည် စိမ်းစိမ်းစိုစိုရှိနေဆဲဖြစ်သည်။

ထီဝါဂေါင်ကျေးရွာ

ထိုတစ်ထောက်နားသည့်နေရာကို ထီဝါ ဂေါင်လို့လည်း ခေါ်ကြသည်။ ထီဝါဂေါင်ကျေး ရွာအနီးက ခရီးသွားနားနေစခန်းပင်ဖြစ်သည်။ ထိုစခန်း၏အောက်ချိုင့်ထဲတွင် အလံတလူလူ လွင့်နေသော ကျောင်းကိုတွေ့ရသည်။ ဆရာမ နှစ်ဦး ကျွန်တော်တို့ရှိရာတဲသို့ တက်လာသည်။ ဆရာမများသည် မကြာသေးမီရက်များက ထိုကျောင်းသို့တာဝန်ကျ၍ အသစ်ရောက်ရှိ လာသူများဖြစ်ကြောင်း သိရသည်။

 

ထိုဆရာမနှစ်ဦးအနက် ဆရာမ ဒေါ်ကေ သီထွန်းက "ကျွန်မတို့ ဒီကိုရောက်ဖို့ ခက်ခက် ခဲခဲကိုလာခဲ့ရတာပါ။ အတော်ကို မတ်စောက်ပြီး ရွှံ့တွေ၊ ဗွက်တွေ၊ ဆူးတွေနဲ့ပြည့်နေတဲ့ တောင် ကြီးပေါ်က ဆင်းခဲ့ရတယ်။ အဲဒီမှာ ဒူးတွေတောင် တုန်တယ်။ ဝတဲ့သူတွေဆို မဆင်းနိုင်ဘူး။ အထုပ်တွေကလည်း မနိုင်ဘူး။ တောင်အောက်ရောက်တော့လည်း အထုပ် တင်ဖို့ လားရှာတာ မတွေ့ဘူး။ အဲဒီမှာပဲ အတော်လေးကို စိတ်ပျက်သွားခဲ့တယ်။ ဒီကို ရောက်ဖို့ လမ်းမှာ ငါးညလောက် အိပ်ခဲ့ရတယ်။ လမ်းတွေကတော့ အရမ်းကိုဆိုးပါတယ်။ အန္တရာယ်လည်း များပါတယ်"ဟု ဆိုသည်။

 

ထီဝါဂေါင်မှ ခေါင်လန်ဖူးသို့ ခရီးဆက်ကြ ခဲ့ကြသည်။ “ဒီကနေ လေးမိုင်လောက်ပဲ ဝေးတော့တယ်။ နီးနေပြီ”ဟု ကိုဂျေရဲဆာက ပြောသည်။ သို့နှင့်ခရီးသွက်သွက်နှင်ကြလေ တော့၏။ ညနေ ၅ နာရီထိုးတော့ ခေါင်လန်ဖူး မြို့ကို စဝင်သည်။ တောင်ထိပ်တစ်နေရာမှ တောင်ကမ်းပါးယံစောင်းတွင် မေးတင်နေသော ခေါင်လန်ဖူးမြို့ကိုတွေ့ရသည်။ တောင်ထိပ်မှ တောင်စောင်းရှိ ခေါင်လန်ဖူးမြို့ကို ရောက် အောင် တစ်မိုင်ခန့် လမ်းလျှောက်ခဲ့ရသည်။

 

မြို့နယ်ပညာရေးမှူးရုံးတွင် ဆရာ ဆရာမ များ အလုပ်ရှုပ်နေကြ၏။ ခေါင်လန်ဖူးမြို့သည် ဆရာ ဆရာမများအတွက် ခရီးဆုံးမဟုတ် သေးပေ။ ထိုမှတစ်ဆင့် ကျေးလက်တောရွာ စာသင်ခန်းများဆီသို့ ခရီးဆက်ကြရပေဦးမည်။ ခယောင်းလမ်း၊ ရွှံ့ဗွက်ထူသောလမ်း၊ ကျွတ် ထူသောလမ်း၊ အန္တရာယ်များသော လမ်းများကို ဆက်လျှောက်ကြရဦးမည်။ ။

ကြေးမုံ