၁၃  အောက်တိုဘာ

ခေါင်လန်ဖူးဒေသသို့ သွားရောက်ရာတွင် အခက်ခဲဆုံး အကြမ်းတမ်းဆုံးအတားအဆီးတစ်ခုမှာ ဆန်းလွတ်ချက် တောင်ပင်ဖြစ်၏။ ထိုတောင်အမြင့်မှာ ပေပေါင်း ၇၇၀၀ မြင့်သည်။ အတက်၊ အဆင်း အလွန်မတ်စောက်၏။ သက်တမ်းနုမြေအမျိုးအစားဖြစ်၍ တောင်ပြိုကျမှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်။ မိုးရွာချိန်ကာလတွင် အထူးဂရုပြုသွားလာကြရ၏။ ထိုတောင်သည် မဂွေဇ- ခေါင်လန်ဖူးလမ်းပေါ်တွင်တည်ရှိနေခြင်းကပင် ခရီးသွား များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသည်။

ယခုအခါ ဆန်းလွှတ်ချက်တောင်ထိပ်ကိုကျော်၍ နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ် မှုဖြင့် ဒေသဆိုင်ရာကုမ္ပဏီတစ်ခုက လမ်းဖောက်လုပ် လျက်ရှိသည်။ လမ်းမှာအလွန်ကျဉ်းမြောင်း၏။ ကားနှစ်စီးရှောင်ရန်ပင် ခက်ခဲပေလိမ့်မည်။ ကားတစ်စီးသာ ကောင်းစွာသွားလာနိုင်သည့် အနေအထားရှိသည်။ လမ်းမှာဖောက်လုပ်ဆဲဖြစ်၍ ခရီးသွားများအား အချိန်သတ်မှတ်ပြီး ဖြတ်သန်းခွင့်ပြုထားသည်။

ကျွန်တော်တို့ သတင်းရိုက်ကူးရေးအဖွဲ့သည် ထိုမျှအန္တရာယ်များလှသော ဆန်းလွှတ်ချက်တောင်ထိပ်သို့ မတက်မီ ဗိုလ်တဲ၌ နံနက်စာစားကြသည်။ နံနက်စာဟု ဆိုသော်လည်း ကောင်းကောင်းကန်းကန်းမဟုတ်။ ထုံးစံ အတိုင်း ပါလာသောခေါက်ဆွဲခြောက်ကို ရေလုံပြုတ်ထားခြင်းဖြစ်သည်။ ထမင်းပူပူလေးကို ရွှေတောင်ကြီး လက်ဖက်ချဉ်စပ်လေးတစ်ထုပ် ပါးစပ်နှင့်အမြန်ကိုက်ဖဲ့ကာ ခေါက်ဆွဲပြုတ်ရည်လေးဖြင့်မျှောချလိုက်ခြင်း ဖြစ်သည်။ အရသာရှိတာ၊ မရှိတာအပထား။ တွေ့ကြုံရင်ဆိုင် ရတော့မည့် တောင်တက်ခရီးကြမ်းကို ကြံ့ကြံ့ခံ တောင့်ခံထားနိုင်ဖို့ အားအင်ကိုဖြည့်တင်းလိုက်ရခြင်း ဖြစ်သည်။

နံနက်စာစားပြီးသည်ဆိုလျှင်ပင် ကားပေါ်သို့ အားလုံးတက်ကာ ဆန်းလွှတ်ချက်တောင်သို့ဦးတည်ကာ စတင်ထွက်ခွာကြသည်။ ထိုစတင်ထွက်ခွာသည့်နေရာမှ ပင် အတက်ဖြစ်၍ ကားမှာ တဂီးဂီးတအီးအီး အော်မြည်လျက် တောင်တက်ခရီးကိုကွေ့ကာ ဝိုက်ကာ၊ လူးကာ လွန့်ကာ ဂီယာကြီးဖြင့် တစ်ရှိန်ထိုး တက်လေတော့၏။

သို့သော် နာရီဝက်ခန့်မောင်းနှင်ပြီးသောအခါ ကားကိုစက်သတ်ရပ်နားလိုက်သည်။ ကားစက်အင်ဂျင်ပူလွန်း၍ ရှေ့ဆက်မမောင်းနိုင်တော့သဖြင့် ရပ်နားလိုက်ရခြင်း ဖြစ်သည်ဟု ယာဉ်မောင်းလုပ်သူကဆို၏။ ယာဉ်နောက် လိုက်လုပ်သူက စီးဆင်းနေသောတောင်ကျရေကို ဘာလီပုံး ဖြင့်ခပ်ကာ ကားစက်ခေါင်းအတွင်း တဖျန်းဖျန်း ပက်လေတော့သည်။ ၎င်းနေရာကို ဒေသခံများက "ဇီဝဒ်ဒမ် " ဟုခေါ်ကြသည်။ ဇီဝဒ်ဒမ်တွင် တပ်မတော် အင်ဂျင်နီယာတပ်(ဂျီအီးတပ်)မှ လမ်းလုပ်ငန်းဆောင်ရွက်နေသော စက်ယန္တရားများ၊ ဆိုင်ကယ်များတွေ့ရသည်။ လူအချို့ လည်းတွေ့ရသည်။

 

72571055-24

 

ဆန်းလွှတ်ချက်တောင်

ထိုနေရာမှစ၍ ကျွန်တော်တို့တစ်ဖွဲ့လုံး ကားစီးခွင့်မရတော့ပေ။ ကုန်များသာတင်၍ တောင်ထိပ်သို့ တက်သွားပြီးနောက် တောင်ပေါ်မှပြန်ဆင်းလာသည်။ ကျွန်တော်တို့အားလုံး ဆရာမသုံးယောက်နှင့်အတူ တောင်ထိပ်သို့ စတင်တက်လေသည်။

စတင်တက်ခါစတွင် လမ်းမှာပြေပြေရှိသော်လည်း မိနစ်အနည်းငယ်ကြာလာသည်နှင့်အမျှ တောင်မှာ မတ်စောက်လာသည်။ မောလည်းမောလာသည်။ တစ်ကိုယ်လုံး ချွေးများရွှဲလာသည်။ တောင်တက်လာသူတိုင်း ပါးစပ်မှ ဟောဟဲသံများထွက်လာသည်။ ဝတ်လာသောအနွေးထည်ကို ချွတ်ပြီးလွှင့်ပစ်ချင်စိတ် ပေါက်လာသည်။ သယ်လာသော ရေဘူးကိုတော့ တစ်ငုံနှစ်ငုံသောက်ပြီး တစ်နေရာတွင် ချထားခဲ့သည်။

"အတော် မောလိုက်တာ ။ ဒီလိုမှန်းမသိလို့ပါ။ တောင်ကြီးတွေကမြင့်လိုက်တာ" ဟု ကိုယ်ကိုရှေ့ကိုင်းကာ အားယူတက်နေသော မိုးညှင်းမှဆရာမက ပြောသည်။ တက်လာသော လမ်းကြောင်းကို ပြန်ကြည့်တော့ ခရီးအတော်ပေါက်ခဲ့ပြီ။ ခဏကြာတော့ တောင်အကွေ့တစ်နေရာတွင် ရဟတ်ယာဉ်ဆင်းရန် နေရာနှစ်ခုကို တွေ့ရသည်။ ရှေ့နားဆက် လျှောက်သွားသည်နှင့် လမ်းဖောက်လုပ်ရေးစီမံကိန်းရုံးကို တွေ့ရသည်။ စီမံကိန်းရုံးအတွင်း ရောက်တုန်းရောက်ခိုက် တက်ကြည့်ဖြစ်လိုက်သေးသည်။ ရှင်းပြနိုင်မည့်သူလည်း တစ်ဦးတစ်ယောက်မျှ မတွေ့ရ၍ အမြန်ပြန်ဆင်းလာလိုက်သည်။ ထိုရုံးသည် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မဂွေဇ-ငါ့လုံဒမ်း-ရီဒမ်း-ခေါင်လန်ဖူး လမ်းဖောက်လုပ်ရေး စီမံကိန်းရုံးဖြစ်သည်။ ထိုရုံး၌ တွေ့ရသော စီမံကိန်းဇယားများအရ မဂွေဇမှခေါင်လန်ဖူးအထိ ၂၀၁၉ -၂၀၂၀ နှင့် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် နှစ်ခုဖြင့် မြေသားလမ်း၊ ကျောက်လမ်းတို့ကို တံတား ၂၄ စင်း နှင့် Box Culvert ၇၀ တို့ အပါအဝင် ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုမှတစ်ဆင့် ဆန်းလွှတ်ချက်တောင်ထိပ်သို့ ဆက်လက်တက်ခဲ့ကြသည်။ ပေ ၄၀၀၀ လောက်အရောက်တွင် အေးလာသည်။ တောင်များတစ်ဝိုက်တွင် ဆီးနှင်းမြူများ ထူထပ်စွာကျဆင်းနေသည်။ ရှေ့မြင်ကွင်းကို သဲသဲကွဲကွဲ မတွေ့ရတော့။ အတော်လေးပင်သတိထားသွားနေရသည်။ ထိုအခိုက်" ဗြုတ်ဗြုတ် ဗြုံး ဗြောဗြော" ဟူသော အသံကြီးတစ်ခု ကြားလိုက်ရသည်။ နောက်ကိုပြန်လှည့်ကြည့်လိုက်တော့ ကျွန်တော်တို့ ဖြတ်လာသော တောင်တက်လမ်းပေါ်တွင် ကျောက်ဖြုန်းမြေစာပုံကြီးကို တွေ့လိုက်ရသည်။ လမ်းလျှောက်တက်လာသော ကျွန်တော်တို့အဖွဲ့နှင့် ကိုက် ၂၀၀ ခန့်သာဝေးသည်။ တောင်ပေါ်ကမြေစာပုံ ပြိုကျလာခြင်းဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် အသက်ဘေးမှ သီသီကလေး လွတ်မြောက်သွားခြင်းဖြစ်သည်။ ထိုတောင်သည် သက်တမ်းနုတောင်ဖြစ်၍ မြေများ၊ ကျောက်တုံးများ မကြာခဏပြိုကျလျက်ရှိသည်။ လမ်းမှာလည်းဖောက်လုပ်ဆဲ လမ်းဖြစ်သည်။

တောင်ထိပ်ရောက်ခါနီးတော့ လူနှစ်ယောက် တောင်ပေါ်မှဆင်းလာသည်ကို တွေ့ရသည်။ "တက်ထား တက်ထား ရောက်ခါနီးပြီ"ဟု ထိုလူနှစ်ယောက်က ကျွန်တော်တို့အဖွဲ့ကို အားပေးရှာသည်။ ကျွန်တော်တို့အားလုံး ခြေကုန်လက်ပန်းကျကုန်ပြီ။ လှမ်းနေသောခြေလှမ်းများ ဒယီးဒယိုင် ဖြစ်လာသည်။ သို့သော် ကိုယ်ကိုနှိမ့် ခါးကိုချိုးကာ အားတင်းလျက် တစ်လှမ်းချင်းတက်လာကြသည်။

မိုးများတဖွဲဖွဲရွာလာသည်။ ပါလာသော မိုးကာအင်္ကျီကို ထုတ်ဝတ်ကြသည်။ ခဏတာအနားယူပြီး ပါလာသောဖုန်း များနှင့် အပြန်အလှန်ဓာတ်ပုံရိုက်ကြပြီး ဆက်တက်ကြရာ မကြာမီ ဆန်းလွှတ်ချက်တောင်ထိပ်သို့ ရောက်သည်။ တောင်ထိပ်တစ်နေရာတွင် မဂွေဇ-ခေါင်လန်ဖူးတောင်ကြား လမ်းအမြင့်ပေ ၇၇၀၀ ဟု ရေးထိုးထားသော သစ်သားဆိုင်း ဘုတ်ကို မြန်မာနိုင်ငံအလံနှင့်အတူ ပူးတွဲလျက်စိုက်ထူထားသည်ကို တွေ့ရသည်။ ထိုဆိုင်းဘုတ်မှတ်တိုင်၌ ကျွန်တော် တို့အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။

ကျွန်တော်တို့ရှေ့မှ ကားဖြင့်တက်သွားသော ကိုဂျေရဲဆာနှင့် MRTV မှ ကိုဂျုန်းတောင်တို့ အထမ်းသမားများ ခေါ်ရန် တောင်အောက်သို့ ကျွန်တော်တို့မရောက်မီကပင် ဆင်းသွားကြသည်။ တောင်ထိပ်၌ ကျွန်တော်တို့ အထုပ်အပိုးများကို ပလတ်စတစ်ဖြင့်အုပ်လျက် ထားခဲ့သည်။ မိုးများသဲသဲမဲမဲရွာလာသည်။ လေများလည်း တဟူးဟူး တိုက်နေသည်။ တောင်ထိပ်သို့ မောမောပန်းပန်း တက်ခဲ့ရသော ကျွန်တော်တို့နှင့် ဆရာမသုံးယောက် တောင်ထိပ်၌ မိုးထဲရေထဲ ဒုက္ခပင်ပန်းဆင်းရဲကြီးစွာကြုံတွေ့နေရပြီ။

တောင်ပေါ်မှ ဆင်းသင့်၊ မဆင်းသင့်စဉ်းစားနေသည်။ နောက်ဆုံး၌ ကျွန်တော်တို့အားလုံး တောင်ထိပ်မှ ဆင်းလာကြသည်။ မိုးများတဖွဲဖွဲရွာနေသည်။ လမ်းတစ်လမ်းလုံး ခြေချစရာမရှိအောင် ဗွက်ထနေသည်။ ခြေမျက်စေ့လောက် နစ်သော ရွှံ့ဗွက်တောလမ်းကြီးအတိုင်း ခရီးစတင်ခဲ့ ကြသည်။

ဖိနပ်မပါ ခြေကျင်လမ်းလျှောက်

စတင်လျှောက်ခါစက ပြဿနာမရှိသော်လည်း တစ်မိုင်ခန့်လျှောက်ပြီးချိန်တွင် ညှပ်ဖိနပ်စီးလာသော ကျွန်တော့်အဖို့ အခက်အခဲနှင့် ရင်ဆိုင်ရပြန်သည်။ ညှပ်ဖိနပ်စီးပြီး ဗွက်တောထဲ လျှောက်လိုက်၊ သဲကြိုး ကျွတ်သွားလိုက်နှင့် မိုးထဲရေထဲတွင် ကျွန်တော့်အဖို့ အထုပ်တစ်ထုပ်နှင့်အလုပ် ရှုပ်နေတော့သည်။ ခရီးမှာ မတွင်ကျယ်တော့။ နောက်ဆုံး မတတ်နိုင်တော့သည့်အဆုံး ဖိနပ်ချွတ်ကာ ဗွက်တောထဲ လျှောက်ရတော့သည်။

ထိုဗွက်တောမှာလည်း ပျော့ပျော့ပျောင်းပျောင်း ဗွက်များမဟုတ်။ ခင်းခါစ၊ ဖောက်လုပ်ခါစ လမ်းများဖြစ်၍ ချွန်မြနေသော ကျောက်တုံးလေးများက ခြေဖဝါးဓားဖြင့် မွှန်းသလို ဆိုးဆိုးရွားရွားကိုခံစားရသည်။ သို့သော်လည်း ခဲနှင့်လွတ်မည့်နေရာကိုမှန်းပြီး တစ်လှမ်းချင်း ခြေချရတော့သည်။ ထို့ကြောင့်လည်း ခရီးကားမတွင်လှ။ အတူလာသူများမှာ ရှေ့အတော်ပင်ရောက်သွားကြလေပြီ။ သူတို့အားလုံး ပွိုင့်ဖိနပ်ကိုစီးထားသောကြောင့် ကောင်းစွာလျှောက်နိုင်ကြ၍ ခရီးတွင်လျက်ရှိသည်။ ပွိုင့်ဖိနပ်ဆိုသည်မှာ စစ်ဖိနပ်ပင်ဖြစ်သည်။ တောစီးဖိနပ်လို့လည်း ခေါ်ကြသည်။ ပွိုင့်ဖိနပ်စီးမလာမိသော ကျွန်တော့်အဖို့ အတူလာ ကြသူများနှင့် အတော်ပင် အလှမ်းဝေးကွာသွားပြီ ဖြစ်သည်။ အတူလာသူအားလုံးနှင့် အဆက်ပြတ်သွား တော့သည်။ ကျွန်တော်တစ်ဦးသာ ယောင်ချာချာဖြင့် ကျန်ရစ်ခဲ့တော့သည်။

"ခြေညှပ်ဖိနပ်နဲ့ လျှောက်နေတာလား။ သွားလို့မရဘူးလေ။ ပွိုင့်ဖိနပ်မပါဘူးလား"ဟု လမ်းလုပ်ငန်း ဆောင်ရွက်နေသော တပ်မတော်သားတစ်ဦးက မေးသည်။

အမှန်မှာ ပွိုင့်ဖိနပ်တစ်ရန် ကျွန်တော့်မှာပါလာသည်။ ရန်ကုန်ကတည်းက ခြေထောက်နှင့်သေချာတိုင်း ပြီးဝယ်လာခဲ့သည်။ သို့သော် ခရီးဆောင်အိတ်အတွင်း ထည့်ထားခဲ့သောကြောင့် ဖြစ်သည်။ ၎င်းခရီးဆောင်အိတ်မှာ တောင်ထိပ်၌ အထမ်းသမားဖြင့်သယ်ဆောင်ရန် ထားခဲ့သည်။

ကျောပိုးအိတ်တစ်လုံးသာလွယ်ပြီး ဆင်းလာခဲ့သည်။ နံနက်စောစောက အတူလာသူဦးဆောင်သူက ပွိုင့်ဖိနပ်မပါရင် သွားလို့မရဘူးလို့ သတိပေးရင်လည်း အကောင်းသား။ အခုတော့ ကျွန်တော်တစ်ယောက်တည်း အတော်ဒုက္ခရောက်ရသည်။

လမ်းတစ်ဝက်ရောက်တော့ လမ်းဖောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်နေသော တပ်မတော်သားများ၏ ဆောက်လုပ်ရေးစခန်းကိုတွေ့သည်။ ထိုစခန်းတဲဆောင် အတွင်းဝင်ပြီး ပွိုင့်ဖိနပ်ရလိုရငြား ဝင်မေးကြည့်သည်။တဲအတွင်းထိုင်နေသော တပ်မတော်သားများအားလုံးက အပိုမရှိဟု ဆိုသည်။ ''ပိုက်ဆံနဲ့ ဝယ်ပါ့မယ်၊ အလကား မတောင်းပါဘူး'' ဟု ပြောကြည့်သော်လည်း ဘာမျှမထူးခြား။ သို့နှင့်ရှိစေတော့၊ ငါ့ထိုက်နဲ့ ငါ့ကံပဲဟု ကိုယ့်ကိုယ်ကိုယ်သာ အပြစ်ဆို၍ စိတ်အားညှိုးငယ်စွာဖြင့် ခရီးဆက်ခဲ့ပြန်သည်။ ရှေ့အနည်းငယ် လျှောက်သွားပြီးသည်နှင့် လမ်းမှာဆက်၍သွားလို့မရတော့။ လမ်းဖောက်လုပ်နေသော ကုမ္ပဏီက ပိတ်ထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ခရီးသွားအားလုံး တောနက်ကြီးအတွင်း လမ်းမရှိသေးသောနေရာမှ မှန်းဆင်းခဲ့ရသည်။

 

7247855-248

 

ဆူးတော၊ ဝါးတောထဲကိုဆင်း

ပေပေါင်းထောင်ချီ၍ နက်ရှိုင်းလှသော ထိုတောနက်ကြီးသည် ဝါးတော၊ ကြိမ်တောကြီးဖြစ်၍ ဆူးငြောင့်ခလုတ်များ ပြည့်နှက်နေသည်။ ဆူးပါသော ဝါးပင်၊ ကြိမ်ပင်များက ဆင်းသက်ရာလမ်းတစ်လျှောက် အုပ်မိုးကာဆီးထား၍ ဆင်းသက်ရာတွင် အတော်လေးပင် ဒုက္ခရောက်လှသည်။

ထိုသို့ ကြမ်းတမ်းလှသော ခယောင်းလမ်းတွင် ရိက္ခာထမ်းနေသည့် တပ်မတော်သားများနှင့်လည်း တွေ့ရသည်။ ပွိုင့်ဖိနပ်မပါဘဲ ဆူးတော၊ ဗွက်တောအတွင်း ခြေဗလာဆင်းနေသော ကျွန်တော့်အတွက် သူတို့ အတော်စိတ်မကောင်းဖြစ်နေကြသည်။ သူတို့စီးလာ သောဖိနပ်ကို ချွတ်ပေးလို့လည်းမဖြစ်၊ အပိုအရန်လည်း မရှိသည့်အဆုံး နောက်ဆုံးခြေကတုံးဖြင့် ဆင်းခဲ့ရသည်။

လမ်းခုလတ်တစ်နေရာအရောက်တွင် ခြေထောက်တစ်ဖက်ကို အောက်သို့အချ ချော်လဲသွား၍ ဆွဲမိဆွဲရာကို လှမ်းဆွဲလိုက်ရာ ဆူးများပြည့်နေသောဝါးကိုကိုင်မိသဖြင့် လက်မှ" ရွှိခနဲ"ဖြစ်ကာ ဒဏ်ရာမှ သွေးများဖြာဆင်း လာသည်။ ညာဘက်လက်ညှိုးမှ အသားများပဲ့ပါသွားသည်။ လက်နှစ်ဖက်စလုံး သွေးများရဲတောက်နေသည်။ အကူအညီတောင်း အော်ဟစ်ခေါ်သော်လည်း မည်သူမျှမရှိ။ မကြားကြ။ သွေးများတိတ်အောင် ကိုယ့်လက်နှင့်ကိုယ် တင်းတင်းကျပ်ကျပ်ဆုပ်ပြီး အတန်ကြာအောင်ရပ် နေလိုက်သည်။

ခဏကြာတော့ တောင်အောက်မှဆန်ထုပ်ပို့အပြီး ပြန်တက်လာသူတစ်ဦးနှင့် တွေ့သည်။ သူ့ပုံစံက ကြမ်းကြမ်းတမ်းတမ်း လေ့ကျင့်မှုပြည့်ဝနေသည့်ပုံမျိုး။ သို့သော် စိတ်သဘောထားအလွန်ပြည့်ဝသည်။ ကျွန်တော် ထမ်းလာသောအထုပ်ကို သူက ကူသယ်ချပေးသည်။ ကျွန်တော်တို့ကို ဖြည်းဖြည်းသာ ဆင်းလာဖို့ ပြောသည်။

ထိုအချိန်တွင် ကျွန်တော်တို့အဖွဲ့ကို ဦးဆောင်လာသော ပြည်နယ်ပညာရေးရုံးမှ ကိုဂျေရဲဆာနှင့်တွေ့သည်။ သူလည်း တောင်ပေါ်မှအထုပ်နှင့် ဆင်းလာခြင်းဖြစ်သည်။ ဖိနပ်မပါဘဲ ဝါးဆူးငြောင့်တောအတွင်းဆင်းနေသော ကျွန်တော့်အတွက် သူစိတ်မကောင်းအတော်ဖြစ်နေပုံရသည်။ သူစီးထားသော တောစီးဖိနပ်ကို စီးပါလို့ပြောသည်။ သို့သော် ကျွန်တော့် ခြေထောက်ကကြီးနေ၍ မစီးလိုကြောင်း ကျွန်တော်က ပြောသည်။ သို့နှင့် သူ့နှင့် အတူတွဲ၍ တောင်အောက်သို့ ဆင်းခဲ့သည်။

ဆူးတောကြီးထဲမှာငိုခဲ့ပြီ

"အဲဒီ ဆူးတော၊ ဝါးတောကြီးမှာပေါ့ သမီးတို့ငိုခဲ့ရတာ။ တစ်ခါမှ ဒီလိုဆိုးရွားတဲ့ တောကြီးတောင်ကြီးထဲကို မသွားခဲ့ဖူးဘူး။ အတော်လေးကိုဆိုးပါတယ်"ဟု ခေါင်လန်ဖူးရောက်လို့ ခဏနားခိုနေခိုက် ဆရာမ နန်းမွေလွန်းက ပြောသည်။ ဆရာမလေး နန်းမွေလွန်းသည် မြစ်ကြီးနားဒေသခံတစ်ဦးဖြစ်ပြီး ခေါင်လန်ဖူးမြို့မှ မိုင်၃၀ လောက်ဝေးသော ဇန်ယောသို့ သွားရောက်တာဝန် ထမ်းဆောင်ရန် ဆန်းလွှတ်ချက်တောင်ထိပ်မှ လားနှင့် အဝတ်ရိက္ခာထုပ်အလာကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ကျွန်တော်တို့ တောင်ပေါ်မှတောင်အောက်ဆင်းလာပြီး ချောင်းငယ်တစ်ခုအတွင်း ပေကျံနေသော ရွှံ့ဗွက်များကို ဆေးကြောကြသည်။ ပြီးနောက် တစ်ဖက်ကမ်းသို့ ပြန်တက်သည်။ ကိုဂျေရဲဆာက သူတောင်ပေါ်မှ ထမ်းချလာသော ကျွန်တော်တို့အထုပ်များကို လားတင်ပေးရမည်ဖြစ်၍ နေရစ်ခဲ့မည်ဖြစ်ကြောင်း၊ ကျွန်တော့်အား တောင်ကမ်းပါးယံကပ်နေသော လမ်းလေးအတိုင်း လျှောက်သွားနှင့်တော့ဟု ပြောသည်။

MRTV ရိုက်ကူးရေးအဖွဲ့နှင့် ဆရာမလေးများသည် ရှေ့ကသွားနှင့်ကြလေပြီ။ ကျွန်တော်သည်ကား လမ်းလည်းမသိ၊ အဖော်လည်းမရှိ တစ်ကိုယ်တော် ရွှံ့ဗွက်များကိုအဖော်ပြု၍ လမ်းလျှောက်ခရီးနှင်ခဲ့ပြန်၏။ ထိုသောတစ်ခဏတွင် လားတစ်အုပ်ကိုတွေ့ရသည်။ ထိုလားများသည် တောင်ပေါ်မှရောက်ရှိလာမည့် ရိက္ခာအထုပ်များကို သယ်ဆောင်ပေးရန် စောင့်ဆိုင်းနေသော လားအုပ်ပင် ဖြစ်ဟန်တူ၏ ။

အားအင်များကုန်ခန်း

နာရီဝက်ခန့်လမ်းလျှောက်ခဲ့ပြီးနောက် ရှေ့ကသွားနှင့်သော MRTV ရိုက်ကူးရေးအဖွဲ့သားများနှင့် ဆရာမလေးများ အဖွဲ့ကိုတွေ့သည်။ သူတို့သည် တောင်ကျရေတံခွန်တစ်ခုအနီး ကိုယ်လက်သန့်စင်ကာ ပါလာသော ခေါက်ဆွဲကြော်ထုပ်များကို စားသောက်ကာ ခရီးဆက်လက် ထွက်ခွာသွားကြပြန်၏။ သို့နှင့် ကျွန်တော်တစ်ယောက်တည်း ခရီးဆက်ရပြန်၏။ သောက်စရာရေဘူးလည်း မပါ။ ဗိုက်ကလည်းဆာလှပြီ။ ချွေးများတစ်ကိုယ်လုံး ထွက်နေ၍ ခန္ဓာကိုယ်အတွင်း ရေဓာတ်ပင်ကုန်ခန်းနေပြီ။ ပါးစပ်မှအမြှုပ်များပင် ထွက်လာသည်။ ခြေသလုံးနှင့် ကြွက်သားများ နာကျင်လာ၏။ ခြေလှမ်းများမမှန်တော့။ အားအင်တွေကုန်ခန်း၍ ဒယီးဒယိုင်ဖြစ်လာ၏။ ခဏကြာတော့ ကျွန်တော့်ကိုကျော်၍ ဖြတ်လျှောက်မည့်လူငယ် တစ်ဦးကိုတွေ့ရ၏။ လူငယ်မှာ အသက်အစိတ်လောက်သာရှိမည် ထင်သည်။ လျှာထိုးဦးထုပ်ကို ပြောင်းပြန်ဆောင်းထား၏။ ထိုလူငယ်အား ရှေ့စခန်း ဘယ်လောက်ဝေးသေးလဲဟု ကျွန်တော်ကမေးသည်။ ထိုလူငယ်က တော်တော်ဝေးသေးကြောင်း ပြောသည်။ သို့နှင့်ဆက် လျှောက်ခဲ့သည်။ တစ်နာရီလောက်ကြာတော့ ဈေးဆိုင်နှင့် စခန်းကိုတွေ့သည်။ ဈေးဆိုင်ခန်းထဲတွင် ခပ်ငယ်ငယ် အမျိုးသမီးနှစ်ယောက်ကိုတွေ့သည်။ ကျွန်တော်က သူ့တို့ထံတွင် တောစီးပွိုင့်ဖိနပ်တစ်ရန် ရောင်းပေးရန်ပြော၏။ ၎င်းတို့က တောစီးစစ်ဖိနပ်များ ထုတ်ပြသည်။ သို့သော် ကျွန်တော့်ခြေထောက်နှင့်ကိုက်သော ဖိနပ်မရှိ။ သို့နှင့် ဆိုဒ်နောက်ဘက်တွင် စခန်းချအနားယူနေသော တပ်မတော်သားများထံသွားပြီး ဖိနပ်ဆိုဒ်အကြီးတစ်ရန်နှင့် အသစ်လဲပေးပါဟု သွားပြောသည်။ သို့သော်လည်း ဆိုဒ်အကြီးစီးသူမရှိ။ သို့နှင့် ကျွန်တော်က အတော်လေးကို ဒုက္ခနှင့်ကြုံတွေ့နေရသဖြင့် အခက်အခဲကို ကူညီပေးပါရန် တောင်းတောင်းပန်ပန်ပြုပါမှ အရာရှိတစ်ဦးက သူစီးဖို့ သိမ်းထားသော စစ်ဖိနပ်လည်ရှည်ကို ထုတ်ပေးသည်။ ဖိနပ်ဖိုးပေးသော်လည်းမယူ။ အလကားပေးလိုက်သည်။ သို့အတွက် ၎င်းအား ကျွန်တော်စီးလာသော ဂျပန်ဖိနပ် အသစ်ကို ကျေးဇူးတင်သောအားဖြင့် ပေးခဲ့သည်။

တစ်ကြိမ်တစ်ခါမျှ စီးလေ့စီးထမရှိသော ထိုစစ်ဖိနပ် လည်ရှည်ကြီးကိုစီးကာ ထော့နဲ့ထော့နဲ့ဖြင့် ရှေ့ခရီးဆက် ခဲ့သည်။ သည်တစ်ခါတော့ MRTV မှ ကိုခေါ်ဇုန်က စောင့်ခေါ် ခဲ့သည်။ သူ့ဆီမှာ ပါလာသောရေလည်းသောက်ခဲ့ရ၍ လမ်းလျှောက်ခရီးအဆင်ပြေသည်။ လမ်းတစ်လျှောက် ရေတံခွန်စီးသံများ၊ ကျေးငှက်သံများဖြင့် သာသောင့်သာ ဖွယ်ရှိလှ၏။

အဆိပ်ပင်

"ဒီအပင်တွေကို မထိမိစေနဲ့ဗျ။ အဆိပ်ရှိတယ်။ ထိရင် အကောင်ကိုက်သလိုအရမ်းနာတယ်"ဟု ကိုခေါ်ဇုန်က ပြောသည်။ သူပြောတာမှန်၏။ တောင်ပေါ်ဝါးရုံတောထဲက ဆင်းခဲ့စဉ်က သူပြသောအပင်ကို ထိကိုင်မိ၏။ ကျွန်တော့် ညာဘက်လက်ဖမိုးတစ်ခုလုံး ဖူးရောင်ကိုင်းနေသည်ကို သတိပြုမိ၏။ ကျွန်တော်တို့နှစ်ယောက် တောင်ဝှေးတစ်ယောက် တစ်ချောင်းစီဖြင့် တစ်ဒေါက်ဒေါက် လျှောက်လာရင်း အချိန်တစ်နာရီခွဲခန့်ကြာတော့ နုဝမ်ဂေါင်တောင်စခန်းသို့ ရောက်သည်။ ထိုစခန်း၌ ညအိပ်ရပ်နားမည်ဖြစ်၍ တောင်ကျရေဖြင့် ကိုယ်လက်သန့်ရှင်းဆေးကြောကြသည်။ ထိုစခန်း၌ဗိုလ်တဲနှစ်လုံးရှိသည်။ တစ်လုံးတွင် အမျိုးသားခရီးသွားများ တည်းကြပြီး တစ်လုံးတွင် အမျိုးသမီး ခရီးသွားများ တည်းကြသည်။

 

71941425_2482839781808894_3238125163287412736_o

 

နုဝမ်ဂေါင် ဗိုလ်တဲ

ခရီးပန်းလာကြပြီဖြစ်သော ကျွန်တော်တို့တစ်ဖွဲ့သားလုံး မိုးရေနှင့်ချွေးများရွှဲနစ်နေသည့် အင်္ကျီများကို ချွတ်ကြသည်။ ရေညှစ်ကြသည်။ အထုပ်များပါလာသော အခြားသူများသည် အဝတ်အစားလဲကြသည်။ ကျွန်တော့်မှာ တောင်ခြေတွင် လားနှင့်တင်ရန် အထုပ်ထားခဲ့၍ အဝတ်လဲ စရာမရှိဖြစ်နေသည်။ ဝတ်ထားသော ဘောင်းဘီမှာလည်း အောက်ပိုင်းတစ်ဝက်ရွှဲနေသည်။ သို့နှင့် အင်္ကျီခြောက်စေရန်အတွက် ဗိုလ်တဲအတွင်း မီးဖိုကြီးနားသွား၍ မီးကင်လေတော့၏။ မိုးကတဖြောက်ဖြောက် ရွာနေလို့လားမသိ အင်္ကျီက စို၍စိုမြဲသာ။

မိဝေးဖဝေးပညာရေး

ထိုမီးဖိုကြီးအနီးတွင် လီဆူမိသားတစ်စုကိုလည်း တွေ့ရ၏။ ခေါင်လန်ဖူးဒေသမှ ပူတာအိုမြို့သို့ ကလေးကိုကျောင်းသွားထားမလို့ဟု ဆိုသည်။ ကလေးကိုကြည့်တော့ ရုပ်ရည်သန့်သန့်။ လှတပတ မိန်းကလေး။ Grade 1 တက်မည်ဟုဆိုသည်။ မိဘများက တော်တော်လေးကို ချို့ချို့တဲ့တဲ့ နွမ်းနွမ်းပါးပါးရှိလှသည်။ "ပူတာအိုမှာ ကလေးကျောင်းသွားထားမှာ၊ ကလေးကို ဟိုမှာထားခဲ့မှာ" ဟု ဖခင်လုပ်သူက ပြောသည်။ မီးကင် မီးလှုံရင်း ထိုကလေးကိုကြည့်၍ အတော်စိတ်မကောင်းဖြစ်နေသည်။ ကျွန်တော့်တွင် ထိုကလေးအရွယ် ကလေးရှိ၍ ကိုယ်ချင်းစာမိသောကြောင့် ဖြစ်သည်။"သြော်- ခေါင်လန်ဖူးဒေသက ကလေးတွေ ပညာတတ်ဖြစ်ဖို့ အရွယ်နှင့်မမျှအောင် မိဝေးဖဝေးနှင့် ရုန်းကန်နေကြရပါလား"ဟု တွေးမိရင်းစိတ်မကောင်းဖြစ်မိသည်။

ကလေးမိခင်လုပ်သူက နို့စို့အရွယ်ကလေးကို အဝတ်နှင့်သိုင်းချီကာ ညနေစာအတွက် ထမင်းချက်နေသည်။ ခဏကြာတော့ မီးဖိုတွင်တည်ထားသော မည်းတူးနေသည့် ဒန်အိုးငယ်တစ်လုံးထဲသို့ ရေမဆေးဘဲ ညစ်ထေးထေး ဆန်တစ်ဘူးကို ဗြောခနဲလောင်းထည့်လိုက်သည်။ တစ်ခဏကြာတော့ ထမင်းအိုးဆူပွက်လာပြီး ရေခန်းထမင်းရသည်။ ထိုညစ်ထေးထေးထမင်းကို ခေါက်ဆွဲခြောက် တစ်ထုပ်ရေနွေးနှင့်ဖျော်ကာ ဟင်းလုပ်စားကြလေ၏။ တောင်တန်းဒေသက မိသားစုတွေ ဆင်းရဲတွင်းနက်လှ ချည်လားလို့ အောက်မေ့မိသည်။ ထိုစဉ်အတွင်း ပူတာအိုမှ ခေါင်လန်ဖူးဒေသရှိကျောင်းများသို့ တာဝန်ထမ်းဆောင်ရန် ထွက်ခွာလာနေသော ဆရာ ဆရာမများကိုလည်း ဗိုလ်တဲမှလှမ်းတွေ့လိုက်ရသည်။

" အဓိက အခက်အခဲကတော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲပါ။ လမ်းတွေက ဆိုင်ကယ်လမ်းလည်း မပေါက်ဘူး။ ဆိုင်ကယ်လမ်းမပေါက်တာကို ဆိုင်ကယ်စီးမယ်ဆိုရင်လည်း အလွန်အန္တရာယ်များပါတယ်။ ဘယ်သွားသွား တစ်ချိန်လုံးခြေကျင်ပဲ လျှောက်နေရတော့တာပါပဲ။ ပြီးတော့ ခေါင်လန်ဖူးမှာ နေရထိုင်ရတာက ကုန်ဈေးနှုန်းတွေက အင်မတန်ဈေးကြီးလှပါတယ်။ နောက်တစ်ခုက ကျန်းမာရေးပါ။ တစ်ခုခုဖြစ်ရင် မလွယ်ပါ ဘူး။ အတော်သတိထားနေရပါတယ်"ဟု ချီလာဝါဒီ အလယ်တန်းကျောင်းအုပ် ဦးဇင်မင်းဦးက ပူတာအိုမှ ခေါင်လန်ဖူးသို့အပြန် နုဝမ်ဂေါင်စခန်းသို့ရောက်ရှိစဉ် ပြောကြားသည်။

ဆရာမများငိုခဲ့ပြီ

နုဝမ်ဂေါင်စခန်းသည် တဖြည်းဖြည်း မှောင်စပျိုးလာပြီ။ ကိုဂျေရဲဆာနှင့် ကုန်တင်လားအဖွဲ့လည်းရောက်ရှိ လာပြီဖြစ်သည်။ ကိုယ့်အထုပ်ကိုယ်ရွေးကြပြီး ဗိုလ်တဲ၌တစ်ညတာ နားခိုကြသည်။ ဆရာမများတည်းခိုသော ဗိုလ်တဲ၌ ကျွန်တော်တို့အားလုံး ညစာအတူစားကြသည်။ ဆရာမအားလုံး ၁၀ ဦးခန့်ရှိမည်ထင်သည်။ ဗိုလ်တဲအတွင်း အလယ်ကောင်ရှိ မီးဖိုကြီးတွင် ဝိုင်းအုံမီးလှုံရင်း နေ့ခင်းကခြေကျင်ခရီးနှင်ကြစဉ် စိုရွှဲနေသော အဝတ်များကို မီးကင်နေကြ၏။ တချို့ဆရာမများ ခရီးပန်းလွန်း၍ ညစာမစားနိုင်တော့။ တချို့ဆရာမများ ငိုနေကြ၏။ တချို့ဖျားနာနေကြ၍ ဆေးသောက်၊ မက်ကလောင်ခြစ်ကြ၏။ ကျွန်တော်တို့ ညစာသည်ကား ဆန်ကြမ်းထမင်းနှင့် တစ်ပင်တိုင်ခေါက်ဆွဲပြုတ်။ အားလုံးက ခရီးပန်းနေကြ၍မစားနိုင် မသောက်နိုင် ဖြစ်နေကြ၏။

ပင်ပန်းခြင်း၊ ဆင်းရဲခြင်း အတိဒုက္ခရောက်ခြင်းတို့ဖြင့် ပြည့်နှက်နေ၏။ လျှောက်ခဲ့သောခရီးမိုင်ကို တွက်ကြည့်လျှင် ရှစ်မိုင်ခန့် ရှိသည်ဟုဆို၏။ ထိုရှစ်မိုင်ဆိုသော ခရီးသည် မြေပြင်မဟုတ်။ တောင်ဆင်း၊ တောင်တက် ခရီးကြမ်းပင်ဖြစ်၏။ ဆူးငြောင့်ခလုတ် အထပ်ထပ်၊ ရွှံ့ဗွတ်ဒုနှင့်ဒေး ဖြတ်သန်းခဲ့ရသော မဟာခယောင်းလမ်းပင် ဖြစ်၏။ထိုမဟာခယောင်းလမ်းပေါ်တွင် လူတိုင်းမျက်ရည်ကျမတတ် ခံစားကြရ၏။ မျက်ရည်ကျခဲ့သူတွေလည်း ရှိ၏။ ကျွန်တော်တို့အားလုံး ခယောင်းလမ်းထက်ကြမ်းသော ဆူးခင်းလမ်းကို လျှောက်ခဲ့သည်။ ကျွန်တော့်အတွက်တော့ ငရဲပြည်ကို အရှင်လတ်လတ် ရောက်သလိုခံစားရ၏။ ထိုနေ့ကိုကား ကျွန်တော့်တစ်သက် မမေ့တော့။ ။

မြင့်မောင်စိုး