၁၂ ဒီဇင်ဘာ
ရာသီဉတုကြောင့်လား၊ အစားအသောက်ကြောင့်လားမသိဘူး။ ခေါင်းထဲမှာ တစ်မျိုးကြီးပဲ ဖြစ်တယ်ဆိုတာက တစ်နေ့တာမှာ လူတိုင်းလိုလို ညည်းတွားမိတဲ့ စကားတစ်ခွန်းပါနော်။ ခေါင်းထဲက တစ်မျိုးကြီးဆိုတိုင်း ခေါင်းကိုက်တာမဟုတ်ပါဘူး။ တစ်ခါတလေမှာ ခေါင်းမူးနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီပြဿနာတွေကို ခွဲခွဲခြားခြားသိမှလည်း လိုအပ်တဲ့ ကုသမှုကိုလုပ်ဆောင်နိုင်မှာပါ။ ဒီတော့ခေါင်းကိုက်တာလား၊ ခေါင်းမူးတာလားဆိုတာကို ဒီဆောင်းပါးလေးထဲမှာ အတူတူ ခွဲကြည့်ရအောင်လား။
ခေါင်းကိုက်တယ်ဆိုတာ
ခေါင်းကိုက်တယ်ဆိုတာက ဦးရေပြား၊ Sinuses နဲ့ ဇက်တဝိုက်မှာ ခံစားရတဲ့ သက်တောင့်သက်သာ မရှိတဲ့အနေအထား တစ်ရပ်ပါ။ ခေါင်းတဝိုက်ကကြွက်သားတွေ နာသလိုမျိုးလည်း ခံစားရနိုင်ပါတယ်။ ခေါင်းကိုက်တဲ့အခါ ခေါင်းတစ်ခြမ်းကိုက်တာမျိုးလည်း ခံစားရနိုင်ပါတယ်။
ဒီအချက်တွေကြောင့် ခေါင်းကိုက်နိုင်ပါတယ်
ရာသီဥတုအပြောင်းအလဲ၊
ကဖင်း နဲ့ အယ်လ်ကိုဟောများသွားတာ၊
ရေဓာတ်နည်းတာ၊
အစားအစာတွေ၊
အိပ်ချိန်မပြည့်ဝတာတွေကြောင့် ခေါင်းကိုက်နိုင်ပါတယ်။
ခေါင်းမူးတယ်ဆိုတာ
ခေါင်းမူးတယ်ဆိုတာက ခေါင်းကိုက်တာနဲ့မတူပါဘူး။ ခေါင်းမူးတဲ့အခါ ခေါင်းထဲမှာ ခပ်ပေါ့ပေါ့ကြီး ဖြစ်နေသလို ခံစားရတာမျိုး။ ကိုယ့်ကိုကိုယ် ဟန်ချက်ထိန်းရခက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ပတ်ဝန်းကျင်က ချာချာလည်နေတာမျိုး ခံစားရနိုင်ပါတယ်။
ဒီအချက်တွေကြောင့် ခေါင်းမူးနိုင်ပါတယ်
နားအတွင်းပိုင်းမှာ ပိုးဝင်ကူးစက်တာ
ခေါင်းတစ်ခြမ်းကိုက်တာ
စိတ်ဖိစီးမှုများတာ
စိုးရိမ်စိတ်လွန်ကဲတာ
သွေးတွင်းသကြားဓာတ်ကျနေတာ
သွေးပေါင်ကျတာ
ရေဓာတ်နည်းနေတာ
အယ်လ်ကိုဟောသောက်တာ
ဓာတ်ငွေ့အဆိပ်သင့်တာ
သောက်သုံးနေရတဲ့ဆေးဝါးတွေ
သွေးအားနည်းတာ
အပူရှပ်တာ
လေ့ကျင့်ခန်းတွေ အလွန်အကျွံလုပ်တာ
ကားမူးတာ
ချွေးထွက်များတာတွေကြောင့် ခေါင်းမူးနိုင်ပါတယ်။
ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ပြမလဲ
အရမ်းမပြင်းထန်ဘူးဆိုရင်တော့ ခေါင်းကိုက်တာ၊ ခေါင်းမူးတာတွေက သူ့အလိုလို သက်သာသွား နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမှမဟုတ်ဘဲ အချိန်တော်တော်ကြာတဲ့အထိ မသက်သာဘဲဖြစ်နေမယ် ဆိုရင်တော့ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် ဖြစ်နေတာ ဖြစ်နိုင်တဲ့အတွက် တတ်ကျွမ်းနားလည်သူနဲ့ ပြသသင့်ပါတယ်။
ခေါင်းကိုက်တာ၊ ခေါင်းမူးတာနဲ့အတူ
စကားတွေ ပလုံးပထွေးပြောမယ်
အာရုံတွေရှုပ်ထွေးလာမယ်
ညီးစီစီဖြစ်မယ်
အဖျားတက်မယ်
ဇက်ကြောကြီးက တင်းနေမယ်
၂၄ နာရီကျော်တဲ့အထိ အန်နေမယ်
သတိလစ်မယ်
၈ နာရီတိုင် ဆီးလုံးဝမသွားဘဲဖြစ်နေမယ်
အမြင်အာရုံတွေ ဝေဝါးလာမယ်
အကြားအာရုံ ထိခိုက်လာမယ်
ရင်ဘတ်ထဲကအောင့်မယ်
အဆက်မပြတ်အန်နေမယ်
မျက်လုံးတွေ ပိတ်ကျလာမယ်၊ ပါးစပ်တွေလေးလာမယ်ဆိုရင်တော့ စိုးရိမ်ရပါတယ်နော်။
ဘယ်လိုကာကွယ်မလဲ
ခေါင်းကိုက်တာနဲ့ ခေါင်းမူးတာတွေဖြစ်တာကနေ ကာကွယ်ဖို့ ဒီအလေ့အကျင့်လေးတွေကို ပျိုးထောင်သင့်ပါတယ်။
အိပ်ရေးဝဝအိပ်ပါ
ရေဓာတ်ပြည့်ဝအောင်နေပါ
အာဟာရမျှတအောင်စားသုံးပါ
ကဖင်းနဲ့ အယ်ကိုဟောတွေကို အလွန်အကျွံမစားသုံးပါနဲ့
လက်ကိုပုံမှန်ဆေးကြောပြီး ကူးစက်ရောဂါပိုးတွေအန္တရာယ်ကို ကာကွယ်ပါ။
ခေါင်းမှာထိခိုက်မိထားတာကြောင့်လည်း ခေါင်းမူးတာမျိုးဖြစ်နိုင်တာကြောင့် ခေါင်းမှာ ထိခိုက်ထားဖူးတဲ့ သူတွေအနေနဲ့ ခေါင်းမူးတယ်ဆိုရင် မြန်နိုင်သမျှမြန်မြန် ဆရာဝန်နဲ့ပြသကြည့်ဖို့ ပြောပါရစေ။
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”