၈ စက်တင်ဘာ
ချွေးပေါက်ပိတ်ဆို့မှုကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲအရေပြား ပြဿနာတွေကအများကြီးပါ။ မျက်နှာပေါ်က ချွေးပေါက်လေးတွေ ပိတ်ဆို့တဲ့အခါ အဆီဖုတွေဖြစ်တာ၊ ဝက်ခြံတွေဖြစ်တာနဲ့ အခြားသောအရေပြားပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ချွေးပေါက်လေးတွေ ပွင့်နေစေဖို့ကိုလည်း သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။
ဒါတွေကြောင့် ချွေးပေါက်ပိတ်ရတာပါ
ချွေးပေါက်ပိတ်စေရတဲ့ အကြောင်းအရင်းက တစ်ချက်မက ရှိနေနိုင်ပါတယ်။ များသောအားဖြင့်ကတော့ အရေပြားပေါ်က ဆဲလ်သေတွေကြောင့် ချွေးပေါက်တွေ ပိတ်ဆို့ရတာပါ။ ချွေးပေါက်လေးတွေက အရေပြားအတွင်းပိုင်းထဲက ချွေးတွေအဆီတွေကို ပြင်ပကို ထုတ်လွှတ်ပေးဖို့ အဓိကလုပ်ဆောင်ကြပါတယ်။ တကယ်လို့ ချွေးပေါက်လေးတွ ပိတ်ဆို့သွားတဲ့အခါ ဒီအလုပ်တွေကို မလုပ်ဆောင်နိုင်တော့ဘဲ မျက်နှာအသားအရေပေါ်မှာ ဆားဝက်ခြံတွေ၊ ဝက်ခြံတွေဖြစ်လာရပါတော့တယ်။ နောက်ထပ်တွေ့ကြုံရနိုင်တဲ့ အရေပြားပြဿနာတစ်ခုက အသားအရေခြောက်သွေ့ညိုမွဲတာမျိုးပါ။
လေထုထဲက အဆိပ်အတောက်တွေကြောင့်
noncomedogenic မိတ်ကပ်တွေကြောင့်
မျက်နှာကိုလက်နဲ့ထိတွေ့တဲ့အခါ လက်မှာပါသွားတဲ့ အဆီတွေကြောင့်
ချွေးကြောင့် စတဲ့အချက်တွေကြောင့်အရေပြားပေါ်က ချွေးပေါက်လေးတွေ ပိတ်ဆို့ရတာပါ။
အရေပြားပေါ်က ချွေးပေါက်လေးတွေ ပိတ်ဆို့မှုကို သက်သာစေမယ့် အရေပြား ကုထုံးတွေက ဘာတွေများလဲ……..
အရေပြားပေါ်က ချွေးပေါက်လေးတွေ ပိတ်ဆို့မှုကင်းပြီး ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့
ဆဲလ်သေတွေကို ဖယ်ရှားပါ
အပေါ်မှာပြောခဲ့သလိုပါပဲ။ တစ်ခါတလေမှာ အရေပြားပေါ်က ချွေးပေါက်လေးတွေ ပိတ်ဆို့ရတာက ဆဲလ်သေတွေကြောင့် ပါ။ ဒါကြောင့် တစ်ပတ်တစ်ကြိမ်၊ အများဆုံး ၂ ကြိမ်လောက် သဘာဝပစ္စည်းတွေနဲ့ဖြစ်ဖြစ် ဒါမှမဟုတ် ဓာတုပစ္စည်းပါဝင်တဲ့ ဆဲလ်သေဖယ်ရှားတဲ့ ဂျယ်လ်ကို သုံးပြီးဖြစ်ဖြစ် အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပါ။
ရေနွေးငွေ့ခံပါ
မျက်နှာကို ရေနွေးငွေ့ခံပေးတာကလည်း ချွေးပေါက်တွေကို ပွင့်စေနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ဒါကြောင့် မျက်နှာကို သန့်စင်အောင်ဆေးကြော သန့်စင်ပြီးတဲ့အခါ ရေဇလုံတစ်ခုထဲကိူ ရေနွေးထည့်လို့ မျက်နှာကို ရေနွေးခံပေးပါ။ တစ်ပတ်ကို တစ်ကြိမ်လောက်လုပ်ပေးပါ။ အသားအရေကို ကြည်လင်စေဖို့လည်း အထောက်အကူပြုနိုင်ပါတယ်။
ရေနွေးဝတ်ကပ်ပါ ဒါမှမဟုတ် ရေအေးဝတ်ကပ်ပါ
ချွေးပေါက်ပိတ်တာ၊ ဝက်ခြံတို့ကို သက်သာစေဖို့ ရေနွေးဝတ်ကပ်ပေးလို့ရသလို ရေအေးဝတ်ကပ်ပေးလို့လည်းရပါတယ်။ ဒီလိုလုပ်ပေးတာက ချွေးပေါက်ထဲက အရာတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွကို ပြေလျော့စေနိုင်ပါတယ်။ ဒီလိုလုပ်ပေးတာက ဝက်ခြံတွေကို သက်သာစေနိုင်ပြီး ရောင်ရမ်းမှုကို ပါသက်သာစေနိုင်ပါတယ်။
ခရမ်းချဉ်သီးအရည်
ခရမ်းချဉ်သီးကို အရည်ညှစ်ပြီး ရလာတဲ့အရည်ကို ဂွမ်းစလေးနဲ့တို့ယူလို့ ချွေးပေါက်လေးတွေပေါ်မှာ လိမ်းပေးပါ။ ပြီးရင် ၅ မိနစ်လောက်ထားပေးပါ။ ပြီးရင်တော့ ရေဆေးချလိုက်ပါ။ ပျားရည်နဲ့ခရမ်းချဉ်သီးအရည်ကို ရောစပ်ပြီး မျက်နှာပေါင်းတင်ဖို့အတွက်လည်း သုံးလို့ရပါတယ်။
သံပရာရည်နဲ့သကြား
သံပရာရည်က အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့ သဘာဝပစ္စည်းတစ်ခုပါ။ ဆဲလ်သေတွေဖယ်ရှားပေးမှုနဲ့အတူ ချွေးပေါက်တွေကိုပါ ပွင့်စေနိုင်ပါတယ်။ သံပရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာနဲ့ ရောစပ်လို့ သံလွင်ဆီ နှစ်စက်လောက်ကို ပါထပ်ရောလိုက်ပါ။ ရလာတဲ့အရောကို သန့်စင်ပြီး ရေခြာက်အောင်သုတ်ထားတဲ့ အရေပြားပေါ်မှာ လူးပေးပါ။ သကြားနဲ့သံပရာရည်က အရေပြားပေါ်က ဆဲလ်သေတွေကို ထိထိရော်ကရောက်ဖယ်ရှားပေးပြီး သံလွင်ဆီက အစိုဓာတ်ကို ထိန်းပေးမှာပါ။ ပြီးရင်တော့ ရေနွေးဝတ်သန့်သန့်လေးနဲ့ မျက်နှာကို သန့်စင်ပေးပါ။
နနွင်းနဲ့သနပ်ခါး
နနွင်းက အဆီပိုတွေကို ဖယ်ရှားပေးပြီး အရေပြားပေါ်က အညစ်အကြေးတွေကို သန့်စင်ပေးနိုင်စွမ်းရှိပါတယ်။ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုလည်း ထိထိရောက်ရောက် နှိမ်နှင်းပေးနိုင်ပါတယ်။ သနပ်ခါးကတော့ အရေပြားကို ချောမွေ့စေနိုင်ပါတယ်။ နနွင်းနဲ့သနပ်ခါးကို ဆတူရောစပ်လိုပ မျက်နှာပေါ်မှာလိမ်းလိုက်ပါ။ ခြောက်သွားတဲ့အခါ ရေနဲ့ဆေးချလိုက်ပါ။
တမာရွက်
အရေပြားပြဿနာအမျိုးမျိုးကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ အရေပြားယားယံတာ၊ ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။ တမာရွက်ကို ကြိတ်ခြေပြီး ရလာတဲ့အနှစ်ထဲကို နနွင်းနည်းနည်းထည့်လိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာ လူးပေးလိုက်ပါ။ ဒီလိုလုပ်ပေးတာက အရေပြားချွေးပေါ်တွေထဲက အဆီတွေနဲအ အညစ်အကြေးတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်မှာပါ။
ရေးသားသူ - Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”