ရုံးဆင်းပြီဆိုရင် Foot Reflexology ဆိုင်တွေကို ပြေးတတ်ကြတယ်နော်။ ဒီနေရာတွေက တစ်နေ့ကုန် ဖိစီးတောင့်တင်းနေတဲ့ အကြောအခြင်တွေကို နာရီပိုင်းလေးအတွင်းမှာ ပြေလျော့သက်သာစေမယ့် အနားယူစရာလေးတွေ ဖြစ်လာပါတယ်။ အလုပ်မှာပင်ပန်းသမျှ စိတ်ဖိစီးမှုတွေကိုပါ ပြေလျော့ သက်သာစေနိုင်ပါတယ်တဲ့။
ခြေဖဝါး၊ လက်ဖဝါးတို့အပြင် ခန္ဓာကိုယ်ရဲ့အကြောတောင့်တင်းနိုင်တဲ့ဧရိယာတွေကို ဖြေလျှော့နှိပ်နယ် ပေးတဲ့ ဝန်ဆောင်မှုဟာ အတော်လေးခေတ်စားလာခဲ့ပြီမို့ အကြောပြေအနှိပ်ခံခြင်းရဲ့ အကျိုး ကျေးဇူးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အားသုံးနှိပ်နယ်တာမဟုတ်ဘဲ အကြောအခြင် အဓိက ပွိုင့်လေးတွေကိုပဲ အသာအယာနှိပ်နယ်နှိုးဆွပေးတဲ့နည်းကို ဆိုလိုတာပါနော်။
(၁) အာရုံကြောလုပ်ဆောင်မှုကို ပိုကောင်းစေတယ်
အသက်ကြီးလာတာနဲ့အမျှ ကျွန်မတို့ခန္ဓာကိုယ်မှာရှိတဲ့အာရုံကြောစွန်းတွေ(ခြေဖျား၊လက်ဖျားတို့လို အစွန်အဖျား အစိတ်အပိုင်းတွေ)က ထိတွေ့အာရုံခံနိုင်စွမ်း အားနည်းလာပါတယ်။ Reflexology တစ်ကြိမ်လောက်နဲ့ အာရုံကြောအစွန်းပေါင်း ၇၀ဝ၀ ကျော်ကို နှိုးဆွပေးနိုင်တယ်၊ လုပ်ဆောင်ချက်နဲ့ ပြန်လည်တုံ့ပြန်နိုင်စွမ်းပိုကောင်းစေနိုင်တယ်လို့ ဆိုကြပါတယ်။
(၂) အားပိုဖြစ်စေတယ်
ကိုယ်တွင်းအစိတ်အပိုင်းတွေနဲ့ ကြွက်သားစနစ်လုပ်ဆောင်ချက်တွေကို ထိန်းညှိပေးတဲ့ reflexology က ကိုယ်တွင်းဇီဝဖြစ်စဉ်တွေနဲ့ ခွန်အားဖြစ်ပေါ်မှုတွေကို တိုးမြှင့်ပေးနိုင်ပါတယ်။
(၃) အိပ်ပျော်စေတယ်
အိပ်ရာမဝင်ခင်အချိန်က ခြေထောက်ကိုနှိပ်နယ်ဖို့ အကောင်းဆုံးပါပဲ။ ခြေထောက်ကို အကြောပြေ လျော့ပြီး သက်တောင့်သက်သာရှိစေတဲ့ နှိပ်နယ်မှုက သွေးလည်ပတ်မှုပိုကောင်းစေပါတယ်။ သွေးလည်ပတ်မှုပိုကောင်းတဲ့အခါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။
(၃) သွေးလည်ပတ်မှုပိုကောင်းစေတယ်
အကြောလျှော့အနှိပ်ခံခြင်းရဲ့လူသိများတဲ့ကောင်းကျိုးတွေထဲမှာ ခန္ဓာကိုယ်အနှံ့သွေးလည်ပတ်မှု ပိုကောင်းစေတဲ့အချက် ပါဝင်ပါတယ်။ ညင်သာစွာနဲ့ ထိမိတဲ့ နှိပ်နယ်မှုကြောင့် ကိုယ်တွင်းက အရေးပါတဲ့အစိတ်အပိုင်းတွေဆီကို အောက်စီဂျင်ပိုမိုရောက်ရှိစေပြီး လုပ်ဆောင်ချက်တွေပိုကောင်း စေမယ်။ အကျိုးရလဒ်အနေနဲ့ အနာကျက်ခြင်းနဲ့ ထိခိုက်ပျက်စီးနေတဲ့ဆဲလ်တွေ ပြန်လည်ဖြစ်ပေါ်မှုတို့ မှာလည်း ပိုမြန်ဆန်စေပါတယ်။
(၄) ပင်ပန်းမှုတွေကို ပြေပျောက်စေတယ်
အပေါ်မှာပြောခဲ့သလိုပဲ reflexology က အာရုံကြောတွေကို နှိုးဆွပေးနိုင်လို့ ခန္ဓာကိုယ်ကို ပြေလျော့စေပြီး ပိုလို့သက်တောင့်သက်သာဖြစ်စေပါတယ်။ ဒါ့ကြောင့်ပဲ အိပ်စက်မှုဆိုင်ရာ ရောဂါတွေကို ကုသရာမှာ ဒီနည်းကို သုံးခဲ့ကြပါတယ်။ ညအိပ်မပျော်သူတွေမှာ reflexology ကြောင့် ခန္ဓာကိုယ်ကို ပေါ့ပါးသက်သာစေပြီး နှလုံးခုန်နှုန်းကိုပါ ပုံမှန်ပြန်ဖြစ်စေပါတယ်။
(၅) အဆိပ်အတောက်တွေ ကင်းစင်စေတယ်
Reflexology ကြောင့် ဆီးအိမ်လုပ်ဆောင်ချက်ကို ပိုကောင်းစေပြီး ဆီးလမ်းကြောင်းပြဿနာတွေကို သက်သာလျော့ပါးစေပါတယ်။ ဒါ့ကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေနဲ့ တခြားဓာတ်ပစ္စည်း တွေကို ဖယ်ရှားသန့်စင်ရာမှာ လုပ်ဆောင်ချက်ပိုကောင်းစေပါတယ်။
ဒီလိုကောင်းကျိုးတွေရှိတယ်ဆိုတော့လည်း အလုပ်ဆင်းလို့ အားတဲ့အချိန် ဒါမှမဟုတ် အလုပ်ပိတ်ရက် လေးတွေမှာ အနားယူရင်း တစ်ကြိမ်တစ်ခေါက်တော့ သွားပြီးအနားယူသင့်တာပေါ့နော်။ Hello ဆရာဝန် ပရိသတ်တို့ ကျန်းမာပေါ့ပါးတဲ့ နေထိုင်မှုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့။
ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”