နေပြည်တော် ၂၆ ဖေဖော်ဝါရီ
တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဝတ်စားဆင်ယင်မှုများကို မှတ်တမ်းစာအုပ်ပြုစုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦးက ပြည်ထောင်စုကြီးအတွင်း တိုင်းရင်းသားလူမျိုးစုများသည် မတူကွဲပြားသော်လည်း အရောင်အသွေးစုံစွာ တစ်စုတစ်စည်းတည်း နေထိုင်လာကြရာ ခေတ်ကာလအလိုက် တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာဝတ်စားဆင်ယင်မှုများ ပြောင်းလဲလာသည်ကို တွေ့မြင်ရပါကြောင်း၊ ပြောင်းလဲလာသော တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများကို မှတ်တမ်းအဖြစ် ပြုစုထားရှိနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်းဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားမျိုးစုံတို့၏ ဝတ်စားဆင်ယင်မှုများ ခေတ်ကာလပြောင်းလဲလာမှုအရ မှတ်တမ်းတင်နိုင်ရန်ဖြစ်ပါကြောင်း၊ ထိုသို့မှတ်တမ်းတင်ရာတွင် အမျိုးသား၊ အမျိုးသမီး ဝတ်စားဆင်ယင်မှုအားလုံးကို စုံစုံလင်လင် ဝေဝေဆာဆာ မှတ်တမ်းတင်ထားရှိသွားမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် စုဆောင်းထားသည့် မှတ်တမ်းဓာတ်ပုံများကို ထည့်သွင်းပြုစုနိုင်ရေးအတွက် ဝန်ကြီးဌာနများမှ ဓာတ်ပုံများပေးပို့၍ ပါဝင်ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် စုစည်းရရှိပြီးသော ဓာတ်ပုံများကို သေချာစိစစ်ပြီး မှတ်တမ်းတင်ပြုစုနိုင်ရေးသာမက စာအုပ်အဖြစ် ထုတ်ဝေနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် ရည်ရွယ်ထားပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဆောင်ရွက်မည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဝန်ကြီးဌာနများမှ တက်ရောက်လာကြသူများက ခေတ်ကာလအလိုက် ပြောင်းလဲလာသော တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာဝတ်စားဆင်ယင်မှုများကို မှတ်တမ်းအဖြစ် ပြုစုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီး ဦးလှမော်ဦးက ဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်စကား ပြောကြားသည်။


