ရန်ကုန် ၆ ဇူလိုင်
ခေတ်လေးခေတ် ကျောင်းသားသမိုင်းဖြတ်သန်းမှုပြဇာတ်ကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမတွင် တင်ဆက်ကပြခဲ့သည်။
ယနေ့နံနက်ပိုင်းက (၅၆)နှစ်မြောက်၊ ဇူလိုင် ၇ ရက်နေ့ အောက်မေ့ဖွယ်အခမ်းအနားကျင်းပရာ၌ အဆိုပါ ပြဇာတ်ကို ကျောင်းသား ကျောင်းသူများက တင်ဆက်ဖျော်ဖြေခဲ့ကြခြင်းဖြစ်သည်။ အခမ်းအနားတွင် ဇူလိုင် ၇ ရက်နေ့နှင့် ပတ်သက်သည့် သတင်းဗီဒီယိုဖိုင်အား ပြသခဲ့ပြီး ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌ ကိုပိုင်ဖြိုးမင်းမှ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ သဘောထားကြေငြာချက်ကို ဖတ်ကြားသည်။
ဆက်လက်၍ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုနန်းလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၈၈ ကျောင်းသား မျိုးဆက်ဟောင်း ဆရာမင်းကိုနိုင်က အကောင်းဆုံးကျောင်းက ကျောင်းသားတွေဟူသော ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
၁၉၂၀ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ကျောင်းသားသမိုင်း အဆက်ဆက်ကို ကပြတင်ဆက်ခဲ့သော အဆိုပါပြဇာတ်သည် စာရေးဆရာအောင်ထွန်း၏ မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်းစာအုပ်ကို မှီငြမ်းပြီး ရေးသားထား ခြင်းဖြစ်ကြောင်း သိရသည်။
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ကျောင်းသားရေးရာနှင့်တိုင်ကြားစာများ စီစစ်ရေးကော်မတီတာဝန်ခံ တင့်လွင်ဦးက" ကျွန်တော်တို့အနေနဲ့ ခေတ်အဆက်ဆက် ကျောင်းသားသမိုင်းမျိုးဆက်က ဘာတွေလုပ်ခဲ့လဲ၊ ဘာတွေရှိခဲ့လဲဆိုတာ ကျောင်းသားတွေ သိမှုအားနည်းတယ်။ အဲဒီလို သိမှုအားနည်းတဲ့အတွက် သိမှုအား များလာအောင် အနုပညာနဲ့ သူတို့ရင်ထဲရောက်လာအောင် လုပ်တာဖြစ်ပါတယ်။ အနုပညာနဲ့ ရင်ထဲရောက် အောင်လုပ်နိုင်ရင် သူတို့တွေပိုသိလာမယ်လို့ ကျွန်တော့်အနေနဲ့ ခံစားမိတယ်။ အဲဒါကြောင့် ဒီပြဇာတ်ကဖို့ စိတ်ကူးလေးရလာပြီး လုပ်ဖြစ်တာဖြစ်ပါတယ်" ဟု ပြောကြားသည်။
ပြဇာတ်တွင် ၁၉၂၀- ၁၉၆၂ ခုနှစ်အထိ ခေတ်လေးခေတ်ကျောင်းသားသမိုင်းကို ကျောင်းသားကျောင်းသူပေါင်း ၄၀ ခန့် ပါဝင်တင်ဆက်ဖျော်ဖြေတင်ဆက်ခဲ့သည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ- ထိန်လင်း