မြန်မာနိုင်ငံသည် သဘာဝကပေးထားသည့် ရာသီဥတု၊ မြေအနေအထား၊ တည်နေရာ၊ မြေမျက်နှာပြင် အခြေအနေတို့အရ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကောင်းစွာဖြစ်ထွန်းသည့်နိုင်ငံဖြစ်ခြင်းကြောင့် အခြေခံအားဖြင့် လယ်ယာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားလုပ်ဆောင်သည်။ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင်နေထိုင်ကြပြီး လူဦးရေ ၄၅ ဒသမ ၃ ရာခိုင်နှုန်းခန့်သည် လယ်ယာ၊ သားငါး၊ သစ်တောနှင့် ဆက်စပ်လုပ်ငန်းများ လုပ်ကိုင်ကြသည်။

 

ထိုအခြေခံလုပ်ငန်းများဖြင့် နိုင်ငံအစဉ်အဆက် ရပ်တည်လာခဲ့ပြီး တစ်ချိန်သောကာလက အဆိုပါ ထုတ်ကုန် ပစ္စည်းများကို နိုင်ငံတကာကပင် နှစ်သက်သဘောကျ ဈေးကွက်ဝင်မျက်နှာပန်းလှခဲ့သည်။ မျက်မှောက် ကာလတွင် ထိုအရင်းအမြစ်များနှင့်ပင် ရပ်တည်လာခဲ့သော်လည်း ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသော ပညာနှင့် နည်းစနစ်များ၊ အရင်းအနှီးနှင့် သဘာဝဘေးအန္တရာယ်များ စသည့်စိန်ခေါ်မှုတို့ကို ရင်ဆိုင်ကျော်လွှား နိုင်စွမ်းရှိသည့် စွမ်းပကားများအားနည်းမှုတို့ကြောင့် စီးပွားရေးတွင် ထင်သလောက် ခရီးမပေါက်သေးဘဲ ရှိနေသည်။ မြန်မာနိုင်ငံရှိ လူဦးရေ ၅၀ ရာခိုင်နှုန်းကျော်သည် ပညာရေး၌ အသင့်အတင့်အဆင့်သာရှိပြီး အခြေခံစီးပွားရေးတွင် အစဉ်အလာ သမားရိုးကျလုပ်ကိုင်မှုများဖြင့်သာ ရပ်တည်လာခဲ့ကြသည်။

 

မြန်မာနိုင်ငံသည် တစ်ချိန်သောအခါက ပြည်ပသို့ဆန်တင်ပို့မှုတွင် ဦးဆောင်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ဆီထွက်သီးနှံအမျိုးမျိုးသည်လည်း ပြည်တွင်းအတွက် လုံလောက်မှုရှိခဲ့သည်။ မျက်မှောက်ကာလတွင် အဆိုပါ စိန်ခေါ်မှု အမျိုးမျိုးတို့ကြောင့် အရည်အသွေး၊ အရေအတွက်ပြည့်မီအောင် ထုတ်လုပ်နိုင်ခြင်းမရှိသည်ကို တွေ့ရ သည်။ ဆန်တင်ပို့မှုတွင် ဦးဆောင်နိုင်ငံမဖြစ်တော့ဘဲ ဆီထွက်သီးနှံများတွင်လည်း ပြည်ပမှ စားသုံးဆီကို နှစ်စဉ် ဒေါ်လာသန်း ၅၀၀ ကျော်ဖိုး တင်သွင်းနေရသည်။ ထို့ကြောင့် ဆီထွက်နှုန်းကောင်းသည့် နှမ်းနှင့် နေကြာကို တိုးချဲ့စိုက်ပျိုးရေး၊ ပန်းတိုင်အထွက်နှုန်း ရည်မှန်းချက်ထွက်ရှိရေး၊ ပြည်တွင်းဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး၊ ပြည်ပသို့တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည်။

 

မြန်မာနိုင်ငံတွင် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီအတွင်း မိုးစပါးစိုက်ပျိုးဧက ၁၄ ဒသမ ၈ သန်းကျော်၊ နွေစပါး စိုက်ပျိုးဧက ၂ ဒသမ ၀၉ သန်းကျော်၊ ပြောင်းမျိုးစုံ စိုက်ပျိုးဧက ၂ ဒသမ ၁ သန်းကျော်၊ ဆီထွက်သီးနှံစိုက်ပျိုးဧက ၃ ဒသမ ၂ သန်းကျော် နှင့် ပဲမျိုးစုံစိုက်ပျိုးဧက သုံးသန်းကျော်စိုက်ပျိုးပြီးဖြစ်သည်။ စိုက်ပျိုးပြီးသည့် စပါး အပါအဝင် အခြားသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး ကြိုးပမ်း ဆောင်ရွက်ကြရန်လိုသည်။ မွေးမြူရေး လုပ်ငန်းတွင်လည်း အစာနှင့်ရေကို စနစ်တကျ တိုက်ကျွေးသည့်စနစ်ဖြင့် ဒေသတွင်းကုန်ကြမ်းများကို အသုံးပြုပြီး အောင်မြင်ဖြစ်ထွန်းသည့် မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းလာအောင် ဆောင်ရွက်ကြရမည် ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် အခြေခံကောင်းများရှိပြီးဖြစ်၍ ဦးစားပေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် စီးပွားရေး ဦးတည်ချက်ကို ချမှတ်ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး ဦးတည်ချက်ကိုလည်း ချမှတ်ထားသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ ဈေးနှုန်းကြီးမြင့်ခြင်းကိုကျော်လွှားနိုင်ရေး ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ရန်နှင့် သီးထပ်စွမ်းအား နှစ်ဆမှ သုံးဆအထိရရှိရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

ပြည်တွင်းမှ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို မြှင့်တင်နိုင်ရေးနှင့် ပြည်ပမှတင်သွင်းကုန်များ လျှော့ချရေး ကိုလည်း အလေးထားဆောင်ရွက်လျက်ရှိသည်။ ကုန်ထုတ်လုပ်မှုတိုးမြှင့်နိုင်မှသာ ၎င်းတို့နှင့်ဆက်စပ်နေသည့် ကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာမည်ဖြစ်သည်။ ပြည်ပမှသွင်းကုန်များ လျှော့ချနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲမှုလည်း လျော့ကျလာစေမည်ဖြစ်သည်။ သို့မှသာ ပြည်တွင်းငွေကြေး ခိုင်မာမှု ရှိလာပြီး ကုန်ဈေးနှုန်းတည်ငြိမ်မှုကိုပါ အထောက်အကူပြုလာနိုင်မည်ဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုကို နှစ်ဆတိုးမြှင့်နိုင်ရန် နိုင်ငံတော်အစိုးရက ကုန်ထုတ်လုပ်သူများကို ကူညီဖြည့်ဆည်းပေးပြီး ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် ရေခံမြေခံသဘာဝကို အခြေခံသည့် စိုက်ပျိုးမွေးမြူ ရေးထွက်ကုန်များကို ရည်မှန်းချက်ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ခေတ်မီစိုက်ပျိုးမွေးမြူရေးနည်းစနစ်များကို အသုံးပြုပြီး ထွက်ရှိသည့်ထွက်ကုန်များကို စက်မှုနည်းပညာများနှင့် ပေါင်းစပ်အသုံးပြုကာ ပြည်တွင်း ကုန်ထုတ်လုပ်မှုများ အရည်အသွေး၊ အရေအတွက်မြင့်မားတိုးတက်လာအောင် ဝိုင်းဝန်းပူးပေါင်း လက်တွဲကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

 

ကြေးမုံ