နေပြည်တော် ဖေဖော်ဝါရီ ၈

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ (၆)ရက်က မိတ္ထီလာမြို့ စက်မှုလယ်ယာ ဗဟိုသင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းတက်ရောက်လျက်ရှိကြသည့် လယ်ယာသုံး စက်ကိရိယာကျွမ်းကျင်မှု လက်မှတ်ရသင်တန်း အမှတ်စဉ်(၂) သင်တန်းသားများနှင့် အမှတ်စဉ် (၂/၂၀၂၃-၂၀၂၄) လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး)သင်တန်း သင်တန်းသားများအား တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ခေတ်မီစက်မှုလယ်ယာစနစ် ကူးပြောင်းရေးကို အထောက်အကူပြုသည့် အရည်အသွေးပြည့်ဝသော စက်မှုလယ်ယာ ကျွမ်းကျင်လုပ်သား အင်အားစုများ လေ့ကျင့်မွေးထုတ်ပေးရန် ဝန်ကြီးဌာနက လိုအပ်ချက်များ ဖြည့်ဆည်းအားပေးလျက်ရှိကြောင်း၊ နည်းပညာအသစ်များ ထွက်ပေါ်နေမှုကို လူငယ်များ အမီလိုက်နိုင်ရေး စဉ်ဆက်မပြတ် လေ့လာအားထုတ်နေရန် လိုအပ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် လယ်ယာသုံး စက်ကိရိယာ ကျွမ်းကျင်သူများစွာ လိုအပ်ချက်ရှိနေခြင်းကြောင့် သင်တန်းပြီးမြောက်ပါက အလုပ်အကိုင် အခွင့်အလမ်းများရှိနေကြောင်း ပြောကြားသည်။

 

တွေ့ဆုံပွဲအပြီးတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် စက်မှုလယ်ယာ ဗဟိုသင်တန်းကျောင်း၏ သင်ကြားရေး လေ့ကျင့်ရေးလုပ်ငန်းများ၊ သင်တန်းသား အိပ်ဆောင်များ၊ စားရိပ်သာနှင့် အလုပ်ရုံများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးကြသည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညောင်ဦးမြို့ ကုန်းတန်းကြီးကျေးရွာအုပ်စု သန့်စင်ကြယ်ကျေးရွာအနီးရှိ တိုင်းရင်းကြက် မွေးမြူရေးသုတေသနနှင့် မျိုးထိန်းမျိုးပွားခြံ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ခြံတည်ထောင် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်အတိုင်း ဒေသကြက်မျိုးရင်းများ ထိန်းသိမ်းခြင်း၊ မျိုးရင်းများ ထုတ်လုပ်ဖြန့်ဖြူးခြင်းများကို ဘဏ္ဍာနှစ်အလိုက် စီမံဆောင်ရွက်ရန်၊ မျိုးမြှင့်ကြက်မျိုးများ မျိုးစပ်သုတေသနပြု ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်၊ တစ်ပိုင်တစ်နိုင် မွေးမြူသူများမှ စီးပွားဖြစ် မွေးမြူခြင်းအထိ မွေးမြူလုပ်ကိုင်သူများ၏ လိုအပ်ချက်အပေါ်မူတည်၍ မျိုးရင်းများ ထုတ်လုပ်ဖြန့်ဖြူးခြင်းကို တိုးချဲ့ဆောင်ရွက်သွားရန်၊ ဒေသကြက်မွေးမြူရေးဆိုင်ရာ အသုံးချသုတေသနလုပ်ငန်းများကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ကျေးလက်နေပြည်သူများအား ကြက်မွေးမြူခြင်းဆိုင်ရာ နည်းပညာများဖြန့်ဖြူးပေးရန်နှင့် မျိုးကောင်း မျိုးသန့်ကြက်များ ဖြန့်ဖြူးပေးရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မေထုတ်မဲ့ ကြက်မျိုးစပ်ခြင်း လက်တွေ့သရုပ်ပြသမှုကို ကြည့်ရှုအားပေးသည်။

 

တိုင်းရင်းကြက် မွေးမြူရေးသုတေသနနှင့် မျိုးထိန်းမျိုးပွားခြံတွင် စစ်တကောင်း၊ အင်ပင်ဝ၊ လည်ပြောင်၊ ကြက်နက်၊ ပုပ္ပ္ပား စသည့် တိုင်းရင်းကြက်များကို မျိုးထိန်းမျိုးပွား၍ မွေးမြူရေးတောင်သူများ၏ တောင်းဆိုချက်အရ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ မှော်ဘီ၊ တောင်သာ၊ နွားထိုးကြီး၊ မြင်းခြံနှင့် ကယားပြည်နယ်များသို့ နှစ်စဉ် ဖြန့်ဖြူးပေးခဲ့ရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တိုင်းရင်းကြက်ကောင်ရေ စုစုပေါင်း ၅၅၀၀ ကျော် ပေးပို့ဖြန့်ဖြူးပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်