နေပြည်တော် ဩဂုတ် ၁၄

 

ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း အကောင်အထည်ဖော်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၆)၌ ကျင်းပသည်။

 

အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ  ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ခေတ်မီစံပြ ကျေးရွာထူထောင်ရေးစီမံကိန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှစတင်၍ ကျေးရွာ(၄၃)ရွာတွင် စမ်းသပ် ဆောင်ရွက်ခဲ့ရာ တချို့ဒေသများတွင် စံနမူနာပြ အောင်မြင်မှုများရှိသကဲ့သို့ တချို့ဒေသများတွင် အားစိုက် ဆောင်ရွက်ရန် လိုအပ်နေသေးသည်ကို တွေ့ရှိရကြောင်း၊ စီမံကိန်းဆောင်ရွက်သည့်ပုံစံသည် မိမိတို့ဦးစီးဌာန တစ်ခုတည်းဖြင့် ဆောင်ရွက်သည့် ပုံစံမျိုးမဟုတ်ဘဲ ဆက်စပ်ဦးစီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရသည့် ပုံစံ ဖြစ်သည့်အတွက် သင်တန်းသား သင်တန်းသူများအနေဖြင့် စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိတို့ မြို့နယ်များရှိ ဆက်စပ်ဦးစီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း မှာကြားသည်။

 

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း မူဝါဒပိုင်းဆိုင်ရာများကို လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာ ဇာနည်မင်းက ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း အကြောင်းအရာများကို လည်းကောင်းဆွေးနွေး ပို့ချကြသည်။

 

အဆိုပါ စီမံကိန်းအကောင်အထည်ဖော်ရေး သင်တန်းသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ သင်တန်းသား သင်တန်းသူ(၅၁) ဦးတက်ရောက်ကြပြီး သင်တန်းတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲခြင်း၊ ကျေးရွာအဆင့်နေထိုင်မှု အခြေအနေစစ်တမ်းကောက်ယူခြင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေးရန် ပုံငွေထူထောင်ခြင်းလုပ်ငန်းဆိုင်ရာ  စီမံကိန်း အဆိုပြုလွှာရေးသားနည်း၊ ရန်ပုံငွေလွှဲပြောင်းခြင်း၊ ငွေစာရင်းပုံ စံရေးသွင်းခြင်း၊ စီမံကိန်းအစီရင် ခံစာရေးသာ ခြင်းဆိုင်ရာ အကြောင်းအရာများကို လေးရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဘက်စုံဖွံ့ဖြိုးသည့် ကျေးရွာများဖြစ်ပေါ်စေရေး ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေး နှစ်အထိ တိုင်းဒေသကြီးနှင့်ပြည်နယ် (၁၄)ခုရှိမြို့နယ် (၈၂)မြို့နယ်၊ ကျေးရွာ(၈၈)ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းကာလမှာ စီမံကိန်းစတင်သည့်နှစ်မှစ၍ ငါးနှစ်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် စီမံကိန်းကျေးရွာတစ်ရွာလျှင် စီမံကိန်းရန်ပုံငွေ ကျပ်သန်း ၆၀ ထောက်ပံ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)