ခေတ်မီစံပြကျေးရွာ(Smart Village) စီမံကိန်းများကို တိုင်းဒေသ ကြီး၊ ပြည်နယ်တစ်ခုလျှင် ကျေးရွာသုံးရွာနှုန်းဖြင့် စုစုပေါင်း ကျေးရွာ ၄၂ ရွာတွင် လုပ်ငန်းများ အကောင်အထည်ဖော်လျက် ရှိသည်။ မိမိတို့နိုင်ငံတွင် နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းက ကျေးလက် ဒေသများ၌ နေထိုင်လျက်ရှိကြရာ ကျေးရွာများ ခေတ်မီဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ ကျေးလက်နေ အများစုသော ပြည်သူများ၏ လူနေမှုပုံစံများမှာလည်း ခေတ်မီတိုးတက်လာနိုင်မည် ဖြစ်သည်။ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးတို့တွင် ကျေးရွာစုစုပေါင်း ၆၄၀ဝ၀ ကျော်ရှိရာ တစ်နိုင်ငံလုံးရှိ ကျေးရွာအားလုံး ခေတ်မီဖွံ့ဖြိုးတိုးတက်လာရေး အတွက် လက်ရှိအကောင်အထည်ဖော်လျက်ရှိသည့် ခေတ်မီစံပြကျေးရွာများမှာ စံနမူနာယူဖွယ်များ ဖြစ်လာမည်ဖြစ်သည်။
ခေတ်မီစံပြကျေးရွာ (Smart Village) များ ထူထောင်ရာတွင် (၁) ကျေးရွာအခြေခံအဆောက် အအုံများ ဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မား လာစေရန်၊ (၂) သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့်နည်းပညာ ပံ့ပိုးခြင်းဖြင့် ကျေးလက် စီးပွားရေး မြင့်မားလာစေရန်၊ (၃) သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး နေချင့်စဖွယ် စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန်၊ (၄) ကျေးရွာသူ၊ ကျေးရွာ သားများနှင့် ကျေးရွာအသင်း အဖွဲ့များ စွမ်းဆောင်ရည်မြင့်မား လာစေခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်စေရန် ဟူသော ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါ ရည်ရွယ်ချက်များကို ကြည့်ခြင်းအားဖြင့် ကျေးရွာနေပြည်သူများ၏ စည်းလုံးညီညွတ်မှု၊ လုံ့လဝီရိယဖြင့် ကြိုးပမ်းအားထုတ်မှု၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာမှု၊ ဉာဏ်အမြော် အမြင်ရှိမှု စသော အရည်အသွေးများ ပြည့်စုံခြင်းက ခေတ်မီစံပြ ကျေးရွာများ ထူထောင်ရာတွင် အရေးကြီး သည့် လိုအပ်ချက်များ ဖြစ်သည်ကို တွေ့ရှိနိုင်သည်။
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီစံပြကျေးရွာများ ထူထောင်ရေးကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဌာနဆိုင်ရာများ နှင့်ပူးပေါင်း၍ အကောင်အထည် ဖော်ရာတွင် ရေ၊ လျှပ်စစ်မီးရရှိ ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအဆောက်အအုံများ တည်ဆောက်ရေး၊ စိုက်ပျိုးမွေးမြူလုပ်ငန်းများ အထောက်အကူပြုရေး၊ ကျေးရွာမတည်ရန်ပုံ ငွေများ ထူထောင်ရေး၊ အသေးစား ငွေကြေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ သွင်းအားစုများ ပံ့ပိုးကူညီရေး၊ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ ဖွံ့ဖြိုးရေး စသည့်လုပ်ငန်းများ အပါအဝင် ကျေးလက် အသက်မွေးဝမ်းကျောင်းနှင့် စီးပွားမြင့်မားရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်း များလည်း ပါဝင်သည်။
ခေတ်မီစံပြကျေးရွာများ ဖြစ်ထွန်းပေါ်ပေါက်လာသည်နှင့်အမျှ ရွာငယ်ဇနပုဒ်၊ မီးကလေး မှိတ်တုတ်ဘဝမှ လွတ်မြောက်ပြီး မြို့ပြနှင့်ကျေးလက်ကြား ကွာဟချက်များ ကျဉ်းမြောင်းသွား စေကာ ကျေးလက်လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်ရာ ကျေးလက် ပြည်သူတို့၏ တက်ကြွစွာပါဝင်ပူးပေါင်းမှုဖြင့် ကျေးရွာဝါဒ ပြောင်းလဲနိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်းအယ်ဒီတာ့အာဘော်